■ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 July 2024

စပိန် - ဂျာမနီ (မြန်မာစံတော်ချိန် ဇူလိုင်လ ၅ ရက် ည ၁၀:၃၀ နာရီ)

ဒယ်လာဖွန်တေရဲ့ ငယ်ရွယ်နုပျိုပြီး စွမ်းအားပြင်းတဲ့ စပိန်အသင်းက ဒီပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့အသင်း ဖြစ်တယ်။ ယူရိုပြိုင်ပွဲတစ်ခုလုံးမှာ (၃) ဂိုးပြတ်နိုင်ပွဲ (၂) ပွဲရတဲ့ တစ်သင်းတည်းသော အသင်းလည်းဖြစ်တယ်။ အုပ်စုအဖွင့်ပွဲတုန်းက ခရိုအေးရှားကို (၃-၀) နဲ့ အနိုင်ရခဲ့သလို ရှုံးထွက်အဆင့်မှာလည်း ဂျော်ဂျီယာအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့တယ်။ အဲဒီနှစ်ပွဲ အပါအဝင် နီကိုဝီလျံစ်၊ ယမားလ်တို့ တွဲဖက်ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲစလုံးမှာ စပိန်ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ခဲ့ရတယ်။ ဂျာမနီအသင်းကလည်း စပိန်အသင်းလိုပဲ ဒီပြိုင်ပွဲမှာ (၄) ပွဲ (၉) ဂိုး ရထားတယ်။ ခံစစ်ကတော့ စပိန်ထက် တစ်ဂိုးပိုပေးထားရပြီး (၂) ဂိုးပေးထားရတာကို တွေ့ရတယ်။ ဂျာမနီရဲ့ အဓိက အားသာချက်က တိုက်စစ်ဇုန်မှာ လုပ်ရည်ကောင်ရည်ကောင်းပြီး တစ်ဦးချင်းရော အသင်းလိုက်ပါ ညီညွတ်တဲ့ပုံစံဖြစ်တယ်။ နီကိုဝီလျံစ်နဲ့ ကင်မစ်ချ်၊ ယမားလ်နဲ့ ရမ်တို့ ထိပ်တိုက်တွေ့ဆုံမှုတွေက ဒီပွဲအတွက် အရေးပါတဲ့ အချက်ဖြစ်တယ်။ ဂျာမနီခံစစ်က စပိန်တောင်ပံတွေကို ထိန်းချုပ်နိုင်ရင် ဂျာမနီတိုက်စစ်က စပိန်ကို ပြန်ခြိမ်းခြောက်နိုင်တယ်။ အိမ်ရှင်ဖြစ်နေတဲ့အချက်နဲ့ စပိန်ရဲ့အတွေ့အကြုံနည်းပါးမှုကြောင့် ဂျာမနီကို ပိုကြိုက်တယ်။ 



ပေါ်တူဂီ - ပြင်သစ် (မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက် နံနက် ၁:၃၀ နာရီ)

ပေါ်တူဂီနဲ့ ပြင်သစ်၊ ရော်နယ်လ်ဒိုနဲ့ အမ်ဘာပေ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းသလို၊ ယူရို၂၀၁၆ ဗိုလ်လုပွဲရဲ့ မကျေပွဲလို့လည်း ပြောရမှာဖြစ်တယ်။ နှစ်သင်းစလုံးက ဒီပြိုင်ပွဲမှာ အကောင်းဆုံးပုံစံမရကြသေးပေမယ့် ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့ ပိုကောင်းတဲ့ ပုံစံကို ပြသလာကြတယ်။ အထူးသဖြင့် ပြင်သစ်အသင်းက ဘယ်လ်ဂျီယံကို ကျော်ဖြတ်ခဲ့တဲ့ ပွဲမှာ ကျစ်လျစ်မာကျောပြီး တိုက်စစ်ကစားပုံကလည်း တိုးတက်လာတာ တွေ့ရတယ်။ ပေါ်တူဂီအသင်းကတော့ ဆလိုဗေးနီးယားကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ဘူး။ ပယ်နယ်တီအဆုံးအဖြတ်ရောက်မှ အနိုင်ရခဲ့တာဖြစ်တယ်။ ပေါ်တူဂီက အဖွင့်ပွဲစဉ် (၂) ပွဲမှာ ဂိုးတွေရခဲ့ပေမယ့် ဂျော်ဂျီယာ၊ ဆလိုဗေးနီး ယားတို့နဲ့ ပွဲတွေမှာ နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ပြင်သစ်အသင်းကလည်း ဒီယူရိုပြိုင်ပွဲမှာ ပယ်နယ်တီ တစ်ဂိုးနဲ့ OG (၂) ဂိုးပဲ ရထားတဲ့အထိ အခြေအနေဆိုးနေတယ်။ ဒီပွဲမှာလည်း ပေါ်တူဂီရော ပြင်သစ်ပါ ဂိုးရဖို့အတွက် ရုန်းကန်ကြရမယ်ထင်တယ်။ ပွဲက ဂိုးနည်းနိုင်တယ်။ ပွဲချိန်တွင်း သရေကျဖို့များတယ်။ ဆီမီးဖိုင်နယ်အထိဆိုရင် ပြင်သစ်ကို ကြိုက်တယ်။ 

Most Read

Most Recent