စပိန်က ပိုရေပန်းစားသော်လည်း နည်းဗျူဟာအရ ပြည့်စုံအောင်လုပ်ရမည်ဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် သုံးသပ်

စပိန်က ပိုရေပန်းစားသော်လည်း နည်းဗျူဟာအရ ပြည့်စုံအောင်လုပ်ရမည်ဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် သုံးသပ်
Photo: UEFA
Photo: UEFA
Published 13 July 2024

 

ယူရို-၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီ အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ် က စပိန်အသင်းမှာ ပိုရေပန်းစားသော်လည်း နည်းဗျူဟာအရ ပြည့်စုံအောင်လုပ်ရမည်ဟု သုံးသပ်ပြောကြားပြီး စပိန်အသင်းနည်းပြ လူးဝစ်ဒယ်လာဖွန်တေကလည်း အတွေ့ အကြုံပြည့်ဝသည့် အင်အားကြီးအသင်းနှင့် ရင်ဆိုင်ရမည်ဟု ကစားသမားများအား သတိပေးပြောကြားခဲ့သည်။

ဆောက်ဂိတ်က "သူတို့က ဆုဖလား တချို့ ရရှိထားတယ်။ သူတို့က ပိုကောင်းတဲ့ အသင်းပါ။ ဒီပွဲမှာ အနိုင်ရဖို့ ကျွန်တော်တို့ ပြီးပြည့်စုံနေဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိသမျှ အရာအားလုံးကို ရှာဖွေရမှာပါ။ ကျွန်တော်တို့မှာ ပွဲကြီးပွဲကောင်းတွေ အများကြီး ကစားဖူးတဲ့ ကစားသမားတွေရှိနေလို့ သူတို့ က ဒီညမှာ ဘာလိုအပ်တယ်ဆိုတာ သိမှာပါ။ သူတို့က ဒီပြိုင်ပွဲမှာ စွမ်းဆောင်ထားတာတွေ ကြောင့် ရေပန်းအစားဆုံးဖြစ်နေတာ မှန်ပါတယ်။ သူတို့က အကောင်းဆုံးအသင်းပါ။ သူတို့က တစ်ရက်လည်း အနားပိုရထားတယ်။ နောက်ဆုံးပြိုင်ပွဲသုံးခုမှာ အဲဒါက သိသာတဲ့ အချက်ပါပဲ။ ။ သူတို့က အဲဒီလိုကောင်းတဲ့အသင်းဖြစ်လို့ ကျွန်တော်တို့အနေနဲ့ နည်းဗျူဟာပိုင်းအရ ပြီးပြည့်စုံအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ကစားသမားတွေကလည်း ဒီပြိုင်ပွဲမှာ စည်းလုံးမှုနဲ့ စိတ်ဓာတ်ကို ပြသထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဒယ်လာဖွန်တေကလည်း "ပြိုင်ပွဲမစခင် မှာ အင်္ဂလန်နဲ့ ပြင်သစ်က ရေပန်းစားခဲ့တယ်။ ဂျာမနီကလည်း အိမ်ကွင်းမှာကစားရလို့ ရေပန်းစားပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေပန်းစားတဲ့အသင်းတွေကိုကျော်ဖြတ်ဖို့ အခွင့်အရေးရခဲ့တယ်။ အခု နောက်ထပ်ပွဲကြီးတစ်ပွဲ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ဗိုလ်လုပွဲမှာ စပိန်က ပိုကောင်းတဲ့ဗားရှင်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒါက တစ်ပွဲတည်းအပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အင်္ဂလန်မှာ အချိန်မရွေးခြေစွမ်းပြနိုင်တဲ့၊ အရည်အချင်းရှိတဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံပြည့်ဝပြီး အမှန်တကယ်အင်အားကြီးမားတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါက လက်ရွေးစင်အသင်းတင် မဟုတ်ဘဲ ကလပ်အဆင့်မှာလည်း အဲဒီလိုပါပဲ။ ဒီပွဲက ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီတစ်ခုကိုတော့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ဆက်ပြီးကြီးထွားလာချင်တယ်။ ဒီကစားသမားအစုအဖွဲ့က ဆုဖလားရယူနိုင်ဖို့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါ" ဟု ဆိုသည်။

စပိန်နှင့် အင်္ဂလန်အသင်းတို့ယှဉ်ပြိုင် ကစားမည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီခွဲတွင် ဘာလင်မြို့ရှိ Olympiastadion ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်စွဲရန် ရေပန်းစားမှုအရ စပိန် အသင်းက ၂/၃၊ အင်္ဂလန်အသင်းက ၁၁/၁၀ သတ်မှတ်ခံထားရသည်။

Most Read

Most Recent