စီးပွားရေးယှဉ်ပြိုင်မှု၊ စီးပွားရေးကြီးထွားမှုနှင့် ဝင်ငွေအဆင့်အတန်း

စီးပွားရေးယှဉ်ပြိုင်မှု၊ စီးပွားရေးကြီးထွားမှုနှင့် ဝင်ငွေအဆင့်အတန်း
Published 28 April 2019

နိုင်ငံများအကြား စီးပွားရေးယှဉ်ပြိုင်မှုကို ၁၉၇၉ ခုနှစ်မှစ၍ တိုင်းတာလာခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်က စီးပွားရေးယှဉ်ပြိုင်မှုကို နိုင်ငံတစ်နိုင်ငံ၏ ထုတ်လုပ်နိုင်စွမ်းအဆင့်ကို ဆုံးဖြတ်သည့် အင်စတီကျူးရှင်းများ၊ မူဝါဒများနှင့် အကြောင်းခြင်းရာများ အစုအပေါင်းအဖြစ် အဓိပ္ပာယ်သတ်မှတ်ခဲ့သည်။ အခြားနည်းလမ်းတစ်ရပ်အရ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်မှုကို စဉ်းစားခြင်းသည် ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို အမှန်တကယ် မြှင့်တင်ပုံအား စဉ်းစားခြင်းဖြစ်သည်ဟု ဖွင့်ဆိုသည်။ ထုတ်လုပ်နိုင်စွမ်းသည် စီးပွားရေးကြီးထွားမှုကို ဦးတည်သည်။ စီးပွားရေးကြီးထွားမှုသည် ဝင်ငွေအဆင့်အတန်းကို ဦးတည်ပြီး ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို တိုးတက်စေသည်။

ထုတ်လုပ်နိုင်စွမ်းသည် စီးပွားရေးကြီးထွားမှုနှင့် ဝင်ငွေအဆင့်အတန်းကို မောင်းနှင်သည့် အဓိကကျသော အကြောင်းခြင်းရာဖြစ်သောကြောင့် အလွန်အရေးကြီးသည်။ ဝင်ငွေအဆင့်အတန်းသည် လူသားတို့၏ လူမှုဖူလုံရေးနှင့် အလွန်နီးကပ်စွာ ဆက်နွှယ်နေသည်။ ထို့ကြောင့် လူမှုဖူလုံရေး အပြောင်းအလဲဖြစ်စဉ်တစ်ရပ်လုံးကို ခွင့်ပြုသည့် အကြောင်းခြင်းရာများကို နားလည်ရန် အလွန်အရေးကြီးသည်။ အခြေခံသဘောအရ စီးပွားရေးယှဉ်ပြိုင်မှုကို မြှင့်တင်ခြင်းသည် ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ယှဉ်ပြိုင်မှုရှိသော စီးပွားရေးများသည် ပိုမို၍စဉ်ဆက်မပြတ်နှင့် ပိုမို၍အားလုံး ပါဝင်မှုရှိစွာ စီးပွားရေးကြီးထွားမှုအဖြစ်နိုင်ဆုံးဖြစ်သည်ဟု ယုံကြည်သည်။ သို့မှသာလျှင် လူ့အဖွဲ့အစည်းအတွင်းရှိ လူတိုင်း စီးပွားရေးကြီးထွားမှု၏ အသီးအပွင့်များကို ခံစားနိုင်လိမ့်မည်ဟုလည်း ဆိုသည်။

နိုင်ငံများ၏ စီးပွားရေးယှဉ်ပြိုင်မှုကို နယ်ပယ် ၁၂ ခုအဖြစ် ခွဲခြားသတ်မှတ်ထားသည်။ ယင်း ၁၂ ခုအား အုပ်စု သုံးခုအဖြစ် ထပ်မံပိုင်းခြားထားသည်။ ပထမအပိုင်းဖြစ်သော အခြေခံလိုအပ်ချက်များ၌ အင်စတီကျူးရှင်းများ၊ အခြေခံအဆောက်အအုံများ၊ မက်ခရို စီးပွားရေးဝန်းကျင်များနှင့် ကျန်းမာရေးနှင့် အခြေခံပညာရေးတို့ ပါဝင်သည်။ ယင်းပထမအပိုင်းကို နိုင်ငံများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အစောပိုင်းအဆင့်များ၌ ပထမဆုံးကိုင်တွယ်ရမည့် အရာများအဖြစ် သတ်မှတ်သည်။ ဒုတိယအပိုင်းဖြစ်သော ထိရောက်မှုကို မြှင့်တင်သည့်အရာများ၌ ပထမဆုံးပါဝင်သည့်အရာမှာ စျေးကွက်များဖြစ်သည်။ ယင်း၌ ကုန်ပစ္စည်းစျေးကွက်၊ လုပ်သားစျေးကွက်နှင့် ဘဏ္ဍာရေးစျေးကွက်တို့ ပါဝင်သည်။ ယင်းနောက် အဆင့်မြင့်ပညာရေးနှင့် သင်တန်းများ၊ နည်းပညာဆိုင်ရာ အသင့်ဖြစ်မှုတို့အား စဉ်းစားရသည်။ ယင်းတို့သည် ကောင်းမွန်သည့် စီးပွားရေးများအနေဖြင့် ပိုမိုတိုးတက်သော သိမှုအပေါ် အခြေခံသော စီးပွားရေးများအဖြစ် အသွင်ကူးပြောင်းရန် ပြင်ဆင်ပုံကို တိုင်းတာနိုင်သည်။ တတိယအပိုင်းမှာ မွမ်းမံခြင်းနှင့် ခေတ်မီဆန်းပြားအောင် ပြုလုပ်ခြင်းဖြစ် သည်။ ယင်းအပိုင်းသည် စီးပွားရေးယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ ပိုမိုရှုပ်ထွေးသောအပိုင်းဖြစ်ပြီး ကမ္ဘာ့အဆင့်လုပ်ငန်းများနှင့် သုတေသနထူထောင်မှုများအပေါ်၌ အခြေပြုနိုင်စွမ်းရှိသည့် စီးပွားရေးတစ်ရပ် လိုအပ်သည်။ ၎င်းအပြင် ဆန်းသစ်မွမ်းမံမှုရှိသော၊ အားပေးထောက်ခံမှုရှိသော အစိုးရတစ်ရပ်လည်း လိုအပ်သည်။ ဖော်ပြပါ အပိုင်းသုံးပိုင်း၌ အမှတ်မြင့်မားစွာ ရရှိသည့်နိုင်ငံများသည် မြင့်မားသော ဂျီဒီပီရှိခြင်းနှင့်အတူ ခေတ်မီတိုးတက်သော စီးပွားရေးများကို ပိုင်ဆိုင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးအဖြစ် မြှင့်တင်နိုင်မှသာလျှင် စီးပွားရေးကြီးထွားမှု တိုးတက်ကာ ပြည်သူတို့၏ ဝင်ငွေအဆင့်အတန်းများလည်း မြင့်မားလျက် ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို တိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဧပြီ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent