စီရော်နယ်လ်ဒိုရဲ့ဂိုးနဲ့ ကံကောင်းခဲ့တဲ့ ပေါ်တူဂီ

စီရော်နယ်လ်ဒိုရဲ့ဂိုးနဲ့ ကံကောင်းခဲ့တဲ့ ပေါ်တူဂီ
Published 21 June 2018

Photos:AFP

ယူရိုချန်ပီယံ ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို အသေအလဲကစားခဲ့ရပြီး (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ကာ ရှုံးထွက်အဆင့်တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

ဒီပွဲမှာလည်း ပေါ်တူဂီအသင်းကို အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကပဲ ကယ်တင်ခဲ့ပြီး (၄)မိနစ်မှာ မော်တင်ညိုရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

ပေါ်တူဂီအသင်း စောစောစီးစီး ဦးဆောင်ဂိုးရလိုက်ပေမယ့် ပွဲတွင်းအခြေအနေကတော့ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းကတည်းက မော်ရိုကိုအသင်း ကစားကွက်အသာစီး၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အီရန်နဲ့ပွဲတုန်းကထက်တောင် ဂိုးသွင်းခွင့်ပိုရခဲ့ပေမယ့် မော်ရိုကိုအသင်းတိုက်စစ်က ဂိုးပေါက်ဆက်ပျောက်ခဲ့လို့ ရှုံးချက်နာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်သွင်းဂိုး (၈၅)ဂိုးအထိရှိလာပြီး ဥရောပမှာ ဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၁၉၆၆ ကမ္ဘာ့ဖလားမှာ ဂျိုဆေးတောရက်စ် ဘယ်ခြေ၊ ညာခြေ၊ ခေါင်း (၃)မျိုးစလုံးနဲ့ ပြိုင်ပွဲတစ်ခုတည်းမှာ ဂိုးသွင်းယူပြီးနောက် ဒီမှတ်တမ်းကိုရရှိတဲ့ ပထမဆုံးပေါ်တူဂီကစားသမားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

Most Read

Most Recent