စီရော်နယ်လ်ဒိုကို ပြိုင်ဘက်အဖြစ်ထက် အသင်းဖော်အဖြစ်သာ တွဲကစားလိုသည်ဟု ရာမို့စ်ပြောကြား

စီရော်နယ်လ်ဒိုကို ပြိုင်ဘက်အဖြစ်ထက် အသင်းဖော်အဖြစ်သာ တွဲကစားလိုသည်ဟု ရာမို့စ်ပြောကြား
Published 15 June 2018

စပိန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ယနေ့ည ယှဉ်ပြိုင်ကစားရမည့် ပေါ်တူဂီအသင်းနှင့် ပွဲစဉ်တွင် စီရော်နယ်လ်ဒိုနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေနှင့် ပတ်သက်ပြီး သုံးသပ်ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ရာမို့စ်နှင့် စီရော်နယ်လ်ဒိုတို့သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အောင်မြင်မှုများတွင် အဓိက အရေးပါသည့် ကစားသမားများဖြစ်သလို၊ နှစ်ပေါင်းများစွာတွဲကစားလာခဲ့ကြပြီး အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသူများလည်း ဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် တစ်ဖက်စီ ကစားရမည့် အခြေအနေနှင့် ကြုံတွေ့လာခဲ့ရာ ရာမို့စ်က "သူ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် ရင်ဆိုင်ရတာထက် အသင်းဖော်အဖြစ် တွဲကစားရတာကိုပဲ ကျွန်တော်က ပိုသဘောကျတာပေါ့။ သူက တကယ့်ကို ထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ကို ခြိမ်းခြောက်မယ့် ကစားသမားဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

စပိန်အသင်းနှင့် ပေါ်တူဂီအသင်းတို့သည် ယနေ့ည (၁၂း၃၀) အချိန်တွင် ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်ပြီး ယခုပွဲမတိုင်မီ အသင်းတွင်း ပြဿနာများနှင့် ပတ်သက်ပြီးလည်း ရာမို့စ်က "ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ နာရေးဖြစ်နေသလိုခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြုံးတွေနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ လိုပယ်တက်ဟီဟာ လက်ရှိစပိန်အသင်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်ခဲ့သူပါ။ ဒါပေမဲ့ စပိန်အသင်းထက်တော့ ဘယ်အရာကမှ ပိုအရေးမကြီးပါဘူး။ ကျွန်တော်တို့ဟာ စာမျက်နှာသစ်ကို လှန်လိုက်တာဖြစ်ပြီး သူ့နေရာမှာ အစားထိုးမယ့်သူဟာ ဖာနန်ဒိုဟီယာရိုထက် ပိုပြီး သင့်တော်တဲ့သူလည်း မရှိပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းကို ဒီလို ကိစ္စတွေဖြစ်ခဲ့ပေမယ့် ဒီမတိုင်ခင်က အသင်းမျိုးအဖြစ် ဆက်လက်ရှိနေစေဖို့ မျှော်လင့်ပါတယ်။ ဘောလုံးပြင်ပက ကိစ္စတွေနဲ့ပတ်သက်ပြီး လူတွေပြောနေတာတွေကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကို ကွင်းထဲမှာ သက်သေပြရမှာဖြစ်ပြီး အခု ဒီလိုသက်သေပြရမယ့် အချိန်နီးလာပါပြီ"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent