စီရော်နယ်လ်ဒိုအား မရောင်းချင်ဘဲ ရောင်းချခဲ့ရသည်ဟု ပီရက်ဇ် ပြောကြား

စီရော်နယ်လ်ဒိုအား မရောင်းချင်ဘဲ ရောင်းချခဲ့ရသည်ဟု ပီရက်ဇ် ပြောကြား
Published 24 September 2018

 

 

Photo: AFP,Marca

 

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က စီရော်နယ်လ်ဒိုကို မရောင်းချင်ဘဲ ရောင်းချခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း (၁၀၀)ဖြင့် အံ့အားသင့်ဖွယ်ရောင်းချခဲ့သည်။

ထိုသို့ ရောင်းချခဲ့ခြင်းမှာ စီရော်နယ်လ်ဒို၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး မရောင်းချင်သော်လည်း တံခါးဖွင့်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

ပီရက်ဇ်က " စီရော်နယ်လ်ဒိုရဲ့ လျော်ကြေးစာချုပ်ကို ပေးနိုင်သူမရှိ ပါဘူး။ ဒါပေမဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို ရောင်းချလိုခြင်းမရှိပါဘူး။ ဒါပေမဲ့ သူက ပုဂ္ဂိုလ်ရေးကြောင့် ဂျူဗင်တပ်စ်အ သင်းကို ပြောင်းချင်တယ်လို့ ပြောပါတယ်။ ဒါကို ကျွန်တော်တို့ နားလည်ပါတယ်။ သူက အသင်းအတွက် အကောင်းဆုံးလုပ်ပေးခဲ့တာကြောင့် သူ့အတွက် ကျွန်တော်တို့ တံခါးဖွင့်ပေးလိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ လည်း စီရော်နယ်လ်ဒိုအတွက် ယူရို သန်း (၁၀၀)ရလိုက်တယ်လေ။ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ စီရော်နယ်လ်ဒိုက ဈေးအကြီးဆုံးပါပဲ" ဟု အသင်း၏အထွေထွေအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်က စီရော်နယ်လ်ဒိုမှာ အသင်း၏ သမိုင်းတွင် ဒီစတီဖာနိုပြီးနောက် ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှာ ၎င်း၏အိမ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent