လာလီဂါပြိုင်ပွဲအား အမေရိက၌ကျင်းပမည့်အစီအစဉ်ကို လက်မခံကြောင်း RFEF အကြောင်းပြန်

လာလီဂါပြိုင်ပွဲအား အမေရိက၌ကျင်းပမည့်အစီအစဉ်ကို လက်မခံကြောင်း RFEF အကြောင်းပြန်
Published 23 September 2018

 

Photo: AFP

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် လာလီဂါပြိုင်ပွဲအား အမေရိက၌သွားရောက်ကျင်းပမည့်အစီအစဉ်ကိုလက်မခံကြောင်း စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) ထံ အကြောင်းကြား စာပေးပို့ခဲ့သည်။

LFP သည် မြောက်အမေရိကဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် လာလီဂါပွဲစဉ်အား အမေရိကန် (သို့မဟုတ်)ကနေဒါ နိုင်ငံ၌ သွားရောက်ကျင်းပရန် အမေရိကန်အခြေစိုက် Revelent Sportsကုမ္ပဏီနှင့် (၁၅) နှစ်စာချုပ်လက်မှတ်ရေးထိုးထားသည်။ ယင်းသဘောတူစာချုပ်၏ ပထမဆုံးပွဲအဖြစ် ဇန်နဝါရီ (၂၆) ရက်တွင် ယှဉ်ပြိုင်ကစားမည့်ဟီရိုနာ-ဘာစီလိုနာ ကတ်တလန်ဒါဘီပွဲစဉ် ကို မိုင်ယာမီမြို့ရှိ Hard Rock အားကစား ကွင်း၌ သွားရောက်ကျင်းပရန်RFEF ထံ ခွင့်ပြုချက်တောင်းခံထားသည်။

RFEF သည် ယင်းကိစ္စနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးသော်လည်း LFP အပါအဝင်ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ ဘာစီလိုနာနှင့် ဟီရိုနာအသင်းတို့ ထံအကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

RFEF ၏ အကြောင်းပြန်စာတွင် ယင်းပွဲစဉ်အား ခွင့်ပြုပေးလိုခြင်းမရှိကြောင်း၊ အမှတ်ပေးပြိုင်ပွဲအားပြည်ပ၌သွားရောက်ကျင်းပခြင်းမှာ စည်းမျဉ်းချိုးဖောက်ရာရောက်သည်ကို LFP အနေဖြင့် သတိပြုသင့်ကြောင်း၊ပွဲကျင်းပရန်အတွက် ဟီရိုနာနှင့် ဘာစီလိုနာ အသင်းအပြင် လာလီဂါကလပ်အားလုံး၏ ခွင့်ပြုချက်အထောက်အထားပြသရန်လိုအပ် ကြောင်း၊ ယင်းပွဲနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ ပိုမိုတင်ပြရန်လိုအပ် ကြောင်းဖော်ပြထားသည်။

LFP အနေဖြင့် လာလီဂါပြိုင်ပွဲအား အမေရိက၌ သွားရောက်ကျင်းပရန်အတွက် RFEF ၏ ခွင့်ပြုချက်အပြင်စပိန်အားကစားကောင်စီ၊ FIFA၊ UEFA၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ် (CONCACAF) နှင့်အမေရိကန်ဘောလုံးအဖွဲ့ချုပ်တို့၏ ခွင့်ပြုချက်လည်း လိုအပ်ကြောင်း သိရသည်။

Most Read

Most Recent