အသင်းလူရွေးချယ်မှုနှင့်ပတ်သက်သည့် မေးခွန်းများကို ပိုချက်တီနို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး မိမိအသင်း အကောင်းဆုံးကစားခဲ့ဟု ဆို

အသင်းလူရွေးချယ်မှုနှင့်ပတ်သက်သည့် မေးခွန်းများကို ပိုချက်တီနို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး မိမိအသင်း အကောင်းဆုံးကစားခဲ့ဟု ဆို
Published 20 September 2018

 

Photo: AFP

 

မနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် အင်တာမီလန် (၂-၁) စပါးပွဲအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို စပါးအသင်းနည်းပြ ပိုချက်တီနိုက ဒေါသတကြီးတုံ့ပြန်ဖြေကြားခဲ့သည်။ ယင်းပွဲတွင် ပိုချက်တီနို၏ ပထမကစားသမား(၁၁)ယောက် ရွေးချယ်မှုကို မီဒီယာသမားအချို့က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြကစားနေသော ညာတောင်ပံကစားသမား ထရစ်ပီယာ၊ နောက်ခံလူ အယ်လ်ဒါဝီ ရယ်လ်အစရှိသူတို့ကို အသုံးမပြုဘဲ ဆန်းချက်ဇ်၊ အော်ရီယေးအစရှိသော ကစားသမားများကို ကစားစေခဲ့သည်။ ထို့ပြင် သူ၏အသင်း၌ အဓိက ကစားသမားအချို့ကိုလည်း ဒဏ်ရာကြောင့် ထည့်သွင်းအသုံးမပြုဘဲ အနားပေးခဲ့ရသည်။

ပိုချက်တီနိုက ယင်းပွဲ၌ ကစားခဲ့သည့် ကစားသမားများမှာ အကောင်းဆုံးကစားသွားနိုင်ကြောင်း၊ မီဒီယာများ၏မေးခွန်းမှာ ယင်းကစားသမားများကို စော်ကားသကဲ့သို့ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ပိုချက်တီနိုက "ပွဲရှုံးနိမ့်တော့ ဒီကစားသမားတွေကို အလွယ်တကူပစ်မှတ်ထားပြီး ပြောလို့ရတာပေါ့။ နောက်ပြီး ဒီပွဲမှာ မပါဝင်တဲ့ကစားသမားတွေအကြောင်းလည်း ပြောလို့ရတာပေါ့။ ဟူဂိုလိုရစ်၊ ဒယ်လီအယ်လီ၊ ဆစ်ဆိုကိုတို့လည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးအကြောင်း သီးသန့်ပြောရင် ကောင်းမယ်ထင်တယ်။ ဒီမေးခွန်းက ကျွန်တော့်ကို အလွန်ပဲစိတ်ပျက်စေပါတယ်။ ဒီနေ့ပွဲမှာ အကောင်းဆုံးအရည်သွေးပြခဲ့တဲ့ ကစားသမားတွေအပေါ် ခင်ဗျားတို့ (မီဒီယာသမားများ)လေးစားမှုမရှိတာပဲ။ ဘာလို့ ဒီလိုလေးစားမှုမထားနိုင်ရတာလဲ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပိုချက်တီနိုက ယင်းပွဲရှုံးနိမ့်မှုအတွက် ၎င်းကိုသာ အပြစ်တင်ရန်လည်း ပြောကြားခဲ့သည်။ စပါးအသင်းသည် ယင်းပွဲတွင် ဦးဆောင်ဂိုးတစ်ဂိုးသွင်းထားနိုင်သော်လည်း ပွဲချိန်(၈၅)မိနစ်နှင့် နာကျင်အချိန်ပို (၉၃)မိနစ်များတွင် ပေးရသောဂိုးများကြောင့် ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent