ခရိုအေးရှားအား ဂိုးပြတ်အနိုင်ရသည့်ပွဲမှ မိမိ၏ခြေစွမ်းကို အားရကျေနပ်မိကြောင်း အဆန်စီယို ပြောကြား

ခရိုအေးရှားအား ဂိုးပြတ်အနိုင်ရသည့်ပွဲမှ မိမိ၏ခြေစွမ်းကို အားရကျေနပ်မိကြောင်း အဆန်စီယို ပြောကြား
Published 12 September 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်လက်ရွေးစင်တိုက်စစ်ကစားသမား အဆန်စီယိုက မိမိအနေဖြင့် ခရိုအေးရှားအသင်းအား (၆-ဝ)ဂိုးဖြင့်အနိုင်ရသည့်ပွဲမှ ခြေစွမ်းကို အားရကျေနပ်မိပြီး အသင်းသားအားလုံး အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆန်စီယိုသည် ယင်းပွဲစဉ်တွင် အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပြီး ခရိုအေးရှားဂိုးသမား ကာလီနစ်၏OGဂိုးမှာလည်း ၎င်းကြောင့်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆန်စီယိုသည် ရိုဒရီဂို၊ ရာမို့စ်နှင့် အစ္စကိုတို့၏သွင်းဂိုးများကို ဖန်တီးမှုပြုလုပ်ပေးခဲ့ပြီး ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့သူဖြစ်သည်။ ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်ဂိုးမှာ အဆန်စီယိုအတွက် စပိန်လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့သည်။

အဆန်စီယိုက '' ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ပွဲပါ။ ဒီလိုကစားသမားတွေနဲ့တစ်သင်းတည်းအတူကစားရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်ဟာ ကွင်းထဲမှာ အကောင်းဆုံးပေးဆပ်ကစားလေ့ရှိတဲ့သူပါ။ ဂိုးတွေသွင်းယူနိုင်မယ်၊ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်မယ်ဆိုရင် ပိုကျေနပ်ပျော်ရွှင်မိမှာပါ။ ဒီပွဲမှာတော့ ကျွန်တော်တို့ဟာ တိုက်စစ်ရော ခံစစ်မှာပါ စုစုစည်းစည်းနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။

ခရိုအေးရှားအသင်းသည် ယခုပွဲစဉ်တွင် မိုဒရစ်၊ ရာကီတစ်၊ ကိုဗာချစ်၊ ပါရီဆစ်၊ ဘရိုဇိုဗစ်စသည့် အဓိကကစားသမားများပွဲဝင်ခဲ့သော်လည်း စပိန်အသင်းကို ယှဉ်ကစားနိုင်စွမ်းမရှိဘဲဂိုးပြတ်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

အဆန်စီယိုသည် ရီးယဲလ်မက်ဒရစ်အသင်းမှ စီရော်နယ်လ်ဒိုထွက်ခွာသွားပြီးနောက် ယခုရာသီတွင်  နည်းပြ လိုပယ်တယ်ဟီ၏ပွဲထွက်ကစားသမားစာရင်း၌ ပုံမှန်ပါဝင်ခွင့်ရနေသူဖြစ်သည်။ အဆန်စီယိုသည် စပိန်အသင်းအတွက် (၁၇)ပွဲပါဝင်ကစားပေးထားသည်။

Most Read

Most Recent