<

ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားရရန် စီရော်နယ်လ်ဒို များစွာကူညီနိုင်သည်ဟု ယာနစ် ဆို

Photo : Twitter

ဂျူဗင်တပ်စ်အသင်းကွင်းလယ်ကစားသမား ယာနစ်က ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရန် အသင်းဖော် စီရော်နယ်လ်ဒိုမှ အကူအညီများစွာပေးနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

” သူဟာ ကျွန်တော်တို့ရဲ့အဓိကကစားသမားပါ။ ပြီးတော့ သူက အောင်မြင်မှုတွေ အမြောက်အမြားရခဲ့သလို၊ ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ အသင်းလူစာရင်းမှာ သူပါလာလို့ အားလုံးအတွက် မျှော်လင့်ချက်တွေ ပိုရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုသာလွန်တဲ့အဆင့်ကိုရောက်ဖို့ ကျွန်တော်တို့ကို သူ ကူညီပါလိမ့်မယ်” ဟု ယာနစ်က Mediaset သို့ ပြောကြားခဲ့သည်။

ယာနစ်က ပြီးခဲ့သည့်နွေရာသီတွင် အသင်းမှမထွက်ခွာခဲ့ခြင်းမှာ စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းက အကြောင်းအရာတစ်ခုအဖြစ် ပါဝင်နေကြောင်းလည်း ၀န်ခံခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၄)ရာသီတွင် ဗိုလ်လုပွဲသို့ (၂)ကြိမ်တိုင် တက်ရောက်နိုင်ခဲ့သည့်အသင်းဖြစ်သည်။

သို့သော် ဂျူဗင်တပ်စ်၏အဓိကပြိုင်ဘက် နာပိုလီအသင်းမှ စပိန်နောက်ခံလူ အယ်လ်ဘီယိုက စီရော်နယ်လ်ဒိုသည် အီတလီတွင် စပိန်မှာကဲ့သို့ သွင်းဂိုးမများနိုင်ကြောင်း သုံးသပ်ခဲ့သည်။

” စီးရီးအေဟာ လာလီဂါထက် နည်းစနစ်ပိုင်း ပိုကောင်းပြီး ခံစစ်ကို အဓိကထားကစားလေ့ရှိပါတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုလည်း အရမ်းအားပြုကစားပါတယ်။ ခရစ္စတီယာနို(စီရော်နယ်လ်ဒို)ကတော့ ဘယ်လိုကစားရမလဲဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ အီတလီမြေမှာ သူ တစ်ရာသီ ဂိုး(၄၀)သွင်းနိုင်ဖို့ ခက်ခဲလိမ့်မယ်။ ကျွန်တော်ကလည်း သူ ဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာပိုလီအသင်းအတွက် ထိခိုက်နိုင်လို့ပါ” ဟု အယ်လ်ဘီယိုက စပိန်သတင်းစာ AS သို့ ပြောကြားခဲ့သည်။

လက်ရှိ စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းက (၃)ပွဲကစား၊ (၃)ပွဲနိုင်ဖြင့် ဦးဆောင်နေသော်လည်း စီရော်နယ်လ်ဒိုမှာ ချီယေဗို၊ လာဇီယို၊ ပါးမားတို့နှင့်ပွဲများတွင် ဂိုးပေါက်မတွေ့ခဲ့ဘဲ ရုန်းကန်နေရလျက်ရှိသည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.