လန်ဒန်ဒါဘီမှာ နိုင်ပွဲစယူနိုင်ခဲ့တဲ့ အာဆင်နယ်

လန်ဒန်ဒါဘီမှာ နိုင်ပွဲစယူနိုင်ခဲ့တဲ့ အာဆင်နယ်
Published 26 August 2018

Photo: Twitter

■ အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း

အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီမှာ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲကစားခဲ့ရပေမယ့် (၃-၁)ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပထမဆုံးပရီးမီးယားနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

အဖွင့်ပွဲစဉ် (၂)ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့အသင်း (၂)သင်းရဲ့ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးနိုင်ပွဲအတွက်အရေးပါခဲ့ပြီးဖိအားများနေတာကြောင့် လန်ဒန်ဒါဘီဟာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

အာဆင်နယ်နည်းပြအမ်မရီဟာ လူငယ်ကစားသမား ဂန်ဒူဇီကိုပဲ ပွဲထုတ်ခဲ့ပြီး ရမ်ဆေးလည်း ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပေမယ့် အဖျားရောဂါကြောင့် လေ့ကျင့်ရေးပျက်ခဲ့တဲ့ အိုဇေးလ်ကတော့ မပါဝင်ခဲ့ပါဘူး။

ဝက်စ်ဟမ်းအသင်းကတော့ ဖိလစ်ပီအန်ဒါဆန်၊ အာနော်တိုဗစ်၊ ကားလို့စ်ဆန်းချက်ဇ်တို့ကို ဦးတည်ကာ သူတို့ရဲ့အတောင့်တင်းဆုံးအစုအဖွဲ့နဲ့ လန်ဒန်ဒါဘီမှာရလဒ်ကောင်းဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး

ပွဲစကတည်းက နှစ်သင်းစလုံးထိန်းကစားတာကြောင့် ဘောလုံးဟာကွင်းလယ်မှာ အပျက်များနေခဲ့ပါတယ်။ အထူးသဖြင့် ရလဒ်ကောင်းဖို့အရေးပါချိန်မှာ တစ်သင်းနဲ့တစ်သင်း အမှားစောင့်ကစားတာကြောင့် အခွင့်အရေးတွေ မရခဲ့ပါဘူး။

ပွဲအစ (၁၀)မိနစ်မှာ အာဆင်နယ်အတွက် ရမ်ဆေးဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ပုံစံကောင်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဖိလစ်ပီအန်ဒါဆန်၊ အာနော်တိုဗစ်တို့ရဲ့ ဝက်စ်ဟမ်းရဲ့လျှင်မြန်တဲ့တိုက်စစ်ဟာ အာဆင်နယ်ကို တဖြည်းဖြည်းဖိအားပေးလာပါတယ်။

Photo: Reuters

ပွဲချိန် (၂၅)မိနစ်မှာတော့ ဝက်စ်ဟမ်းအသင်းအဖွင့်ဂိုးရသွားခဲ့ပြီး အာနော်တိုဗစ်က ဖိလစ်ပီအန်ဒါဆန်နဲ့ ဝမ်းတူးရိုက်ပြီး ပီတာချက်ရဲ့ညာဘက်ထောင့်ကို မြေလှိမ့်ဘောကန်သွင်းယူသွားခဲ့တာပါ။ အာနော်တိုဗစ်အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု (၁၄)ဂိုး (၈ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး) ရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်ကစားသမားဆာလာ (၂၂)ဂိုးအပြီးအများဆုံးအရေအတွက်လည်းဖြစ်ပါတယ်။

အာဆင်နယ်အတွက်ကံကောင်းတာက ချေပဂိုးကို ချက်ချင်းပြန်ရခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် (၃၀)မှာ ဘယ်လာရင်ရဲ့ဖြတ်တင်ဘောကို အီဝိုဘီပြေးပိတ်ရာမှာ မထိခဲ့ဘဲ မွန်ရီယဲလ်က တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းယူခဲ့တာပါ။

Photo: Reuters

ပထမပိုင်းပွဲပြီးခါနီးမှာ အာနော်တိုဗစ်ရဲ့အနီးကပ်ကန်ချက်ကို ပီတာချက်ကာကွယ်နိုင်ခဲ့လို့လည်း အာဆင်နယ် သက်သာရာရခဲ့တာပါ။

ပထမပိုင်းမှာ (၁-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းအပြောင်းလဲတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ လာကာဇက်၊ တော်ရေရာတို့ကို ဆက်တိုက်ထည့်သွင်းကာ တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပြီးချိန်မှာတော့ အာဆင်နယ်အသင်းကစားကွက်ပြန်တည်လာနိုင်ခဲ့ပါတယ်။

မိနစ် (၇၀)မှာတော့ အာဆင်နယ်အသင်းဦးဆောင်ဂိုးရခဲ့ပြီး လာကာဇက်ရဲ့ ဂိုးစည်းအတွင်းကြုံသလိုပေးပို့မှုဟာ ဝက်စ်ဟမ်းနောက်ခံလူ ဒိုင်အုပ်နဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။

အနိုင်ဂိုးရပြီးချိန်မှာတော့ အာဆင်နယ်တို့ ထိန်းကစားခဲ့ပြီး ဝက်စ်ဟမ်းအသင်းကတော့ ချေပဂိုးအတွက် ကြိုးစားကစားလာခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားပီတာချက်တို့ အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် ချေပဂိုးတော့ မရခဲ့ပါဘူး။ အာဆင်နယ်အသင်းအတွက် တတိယအနိုင်ဂိုးကိုတော့ မိနစ် (၉၀)ပြီးလို့ နာကျင်အချိန်ပိုမှာ ဘယ်လာရင်ရဲ့ပေးပို့မှုကနေ ဝဲလ်ဘတ်က တစ်ချက်ထိန်းပြီး လှည့်ကန်သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ၂၀၁၆ ဇန်နဝါရီနောက်ပိုင်း အီမရိတ်စ်ကွင်းမှာ လန်ဒန်ဒါဘီရှုံးပွဲမရှိမှတ်တမ်း (၇ ပွဲနိုင်၊ ၃ ပွဲသရေ) ကိုရရှိခဲ့ပါတယ်။

ရာသီကြိုမှာ စံချိန်တင်အပြောင်းအရွှေ့တွေပြုလုပ်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ နည်းပြပယ်လီဂရီနီကတော့ ရာသီအစ (၃)ပွဲဆက်အရှုံးနဲ့အတူ ဖိအားများသွားခဲ့ပါပြီ။

 

■ ယနေ့ယှဉ်ပြိုင်မည့် ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃)
----------------------------
ဝုလ်ဗ် ၁-၁ မန်စီးတီး
ဘုန်းမောက် ၂-၂ အဲဗာတန်
အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း
ဟတ်ဒါဖီးလ် ဝ-၀ ကာဒစ်ဖ်
ဆောက်သမ်တန် ၁-၂ လက်စတာ

 

ဘွန်ဒစ်လီဂါပွဲစဉ် (၁)
-----------------------
ဟာသာဘာလင် ၁-၀ နုရင်ဘတ်
ဝါဒါဘရီမင် ၁-၁ ဟန်နိုဗာ
ဖရိုင်းဘတ် ဝ-၂ ဖရန့်ဖတ်
ဝုလ်ဖ်ဘတ် ၂-၁ ရှော်လ်ကေး
ဒစ်ဆယ်ဒေါ့ဖ် ၁-၂ အော့စ်ဘတ်

 

လိဂ်ချန်ပီယံရှစ် (၅)
---------------------
အက်စတွန်ဗီလာ ၁-၁ ရက်ဒင်း
ဘလက်ဘန်း ၁-၀ ဘရန့်ဖို့ဒ်
ဘော်လ်တန် ဝ-၃ ရှက်ဖီးယူနိုက်တက်
ဒါဘီ ၂-၀ ပရက်စတန်
နောဝစ်ချ် ဝ-၃ လိဒ်စ်
QPR ၁-၀ ဝီဂန်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ အစ်ဝစ်ချ်
စတုတ်စီးတီး ၂-၀ ဟားလ်စီးတီး
ဆွမ်ဆီး ဝ-၁ ဘရစ္စတိုးလ်စီးတီး

Most Recent