ပေါ့ဘာနှင့် မည်သည့်ပြဿနာမျှမရှိဟု မော်ရင်ဟို

ပေါ့ဘာနှင့် မည်သည့်ပြဿနာမျှမရှိဟု မော်ရင်ဟို
Published 18 August 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းကွင်းလယ်လူ ပေါ့ဘာနှင့် သူ့အကြား မည်သည့်ပြဿနာမျှ ရှိမနေကြောင်း ပြောကြားခဲ့သည်။

(၂၅)နှစ်အရွယ်ရှိ ပေါ့ဘာမှာ ပြီးခဲ့သည့်ရာသီက အသင်းတွင်ဦးစားပေးခံရမှု လျော့ပါးခဲ့ပြီး ယခုနွေရာသီတွင်လည်း ဘာစီလိုနာသို့ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများရှိခဲ့သည်။

ပေါ့ဘာသည် အိုးလ်ထရက်ဖို့ဒ်တွင် နေထိုင်ရသည့်ဘဝကို စိတ်တိုင်းကျမှုမရှိဟု ဖွင့်ဟခဲ့ပြီးနောက် မော်ရင်ဟိုက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက '' သူဟာ ကောင်းမွန်စွာကစားတယ်။ ပြီးတော့ ပရိသတ်အတွက်၊ အသင်းအတွက် ကျေနပ်မှုရှိစေခဲ့တယ်။ ဒါဟာ ကျွန်တော် လိုချင်တဲ့အရာပါပဲ။ ကျွန်တော် ဒီ့ထက်ပိုပြီး မတောင်းဆိုသလို၊ မေးလည်းမမေးပါဘူး'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက '' အမှန်တရားက ကျွန်တော်တို့ (၂)နှစ်နဲ့ (၁)လကြာ အတူလျှောက်လှမ်းခဲ့ပြီးပါပြီ။ အခုချိန်မှာ သူနဲ့ပတ်သက်ပြီး အရမ်းမပျော်ရွှင်ရပေမယ့် ကျွန်တော်တို့ကြားမှာ အခက်အခဲတစ်စုံတစ်ရာ မရှိပါဘူး။ သူပြောခဲ့တဲ့ စကားလုံးတွေရဲ့အဓိပ္ပာယ်ကို ကျွန်တော် မသိပါဘူး။ အရာအားလုံးကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်တို့အားလုံးမှာ ဘာပြဿနာမှမရှိပါဘူး'' ဟုလည်း ထပ်မံပြောကြားခဲ့သည်။

နောက်ခံလူ ဒါမီယန်၏အနာဂတ်နှင့်ပတ်သက်ပြီး အိုးလ်ထရက်ဖို့ဒ်တွင် ဆက်ကစားဖွယ်ရှိသည်ဟုလည်း မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။

(၂၈)နှစ်အရွယ်ရှိ အီတလီနောက်ခံလူ ဒါမီယန်သည် အသင်းပြောင်းရွှေ့ခွင့်ရထားသူဖြစ်ပြီး စီးရီးအေသို့ပြန်ရန် သတင်းများလည်း ထွက်ပေါ်ခဲ့သူဖြစ်သည်။

'' သူသွားမယ် မထင်ပါဘူး။ သူက ကျွန်တော်တို့ကို ဆိုးရွားတဲ့ခံစားမှု ပေးမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဆန္ဒကို အလေးထားပြီး ကျွန်တော်တို့ အမြဲတံခါးဖွင့်ထားခဲ့လို့ပါပဲ။ ကျွန်တော့်အတွက်တော့ မတ်တီယို(ဒါမီယန်) အသင်းမှာဆက်ရှိနေဖို့များတာ သတင်းကောင်းပါပဲ'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

 

Most Read

Most Recent