သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 9 August 2018

 

Photos: Sky Sports,Telegraph,Getty Images

■ ဘန်လေအသင်းသည် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှ ချက်တိုက်စစ်မှူး ဗိုင်ဒရာအား (၃)နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဘန်လေအသင်းသည် ပြောင်းရွှေ့ကြေးကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဗိုင်ဒရာအတွက် ပေါင် (၁၁)သန်း ပေးချေခဲ့ရကြောင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။ ဗိုင်ဒရာ (၂၆ နှစ်)သည် ပြီးခဲ့သည့်ရာသီက ဒါဘီအသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲတွင် (၂၂) ဂိုးအထိ သွင်းယူခဲ့ သူလည်း ဖြစ်သည်။

■ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဖာဘင်ညို၊ ကီတာတို့ကို ခေါ်ယူခဲ့သော်လည်း အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ အသင်း၏အဓိကကစားသမားဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကလော့ပ်က "ဟန်ဒါဆန်ဟာ ကျွန်တော်တို့အ တွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော အသင်းခေါင်းဆောင်အဖြစ်ပါ အရေးကြီးတဲ့ ကစားသမားဖြစ်ပါတယ်။ သူနဲ့ မီလ်နာတို့ဟာ အသင်းသားတွေကို စိတ်ဓာတ်တက်ကြွအောင် လှုံဆော်နိုင်တဲ့သူတွေ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

■ မန်စီးတီးအသင်း၏ လူငယ်တိုက်စစ်မှူး ဂျေဆူးက ၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ဂျေဆူးသည် ဘရာဇီးလ်အသင်း၏ ကမ္ဘာ့ဖလားပွဲစဉ် (၅)ပွဲစလုံးတွင် ပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ပြီး ယင်းပြိုင်ပွဲမှ အမှားများကို သင်ယူကာ ယခုရာသီတွင် ခြေစွမ်းပြသွားမည်ဟု ပြောကြားခဲ့သည်။

■ ဘရိုက်တန်အသင်းသည် အီကွေဒေါကလပ် အင်ဒီပန်းဒီယန့် DV အသင်းမှ အီကွေဒေါတောင်ပံကစားသမား ဘယ်လီအက်ကို (၄)နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ထို့ပြင် ဘရိုက်တန်အသင်းသည် ဘယ်လီအက် (၂၀ နှစ်)ကို စပိန်ဆီဂန်ဒါကလပ် အက်စ်တာမာဒူရာအသင်းသို့ တစ်ရာသီ အငှားချခဲ့ကြောင်း သိရသည်။

Most Read

Most Recent