တိုက်စစ်မှူးအောင်သူ ဥရောပကလပ်တွင် ကစားနိုင်ရန်အထိ ရည်ရွယ်ထားဟု ရတနာပုံပိုင်ရှင် ဆို

တိုက်စစ်မှူးအောင်သူ ဥရောပကလပ်တွင် ကစားနိုင်ရန်အထိ ရည်ရွယ်ထားဟု ရတနာပုံပိုင်ရှင် ဆို
Published 11 June 2018

ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း၌ အငှားသွားရောက် ကစားနေသည့် တိုက်စစ်မှူး အောင်သူအား ဥရောပကလပ်အသင်းများတွင် ကစားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း ပြောကြားသည်။

ဒေါက်တာစိုင်းဆမ်ထွန်းက “အောင်သူအပေါ် ရည်မှန်းချက်အများကြီးထားထားပါတယ်။ သူ့ကို ဥရောပကလပ်အသင်းတွေမှာ ကစားနိုင်တဲ့အထိ ရည်ရွယ်ထားပါတယ်။ ထိုင်းမှာ သွားရောက်ကစားစေတာကလည်း သူ့ကို စမ်းသပ်တဲ့အနေနဲ့ စေလွှတ်တာဖြစ်ပါတယ်။ အခုအချိန်မှာ ဂျပန်ကလပ်တွေက ကမ်းလှမ်းလာရင်တောင် လက်မခံတော့ပါဘူး။ ဥရောပကလပ်အသင်းတွေမှာ သွားကစားနိုင်အောင် ကြိုးစားနေပါတယ်။ ထိုင်းမှာကစားနေတဲ့ ခြေစွမ်းအရ အောင်သူအနေနဲ့ အများကြီး တိုးတက်လာပါတယ်။ နောက်ထပ်လည်း အများကြီး တိုးတက်လာနိုင်ပါတယ်”  ဟု သုံးသပ်ပြောကြားသည်။

အောင်သူသည် ယခုရာသီအစတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစား နေခြင်းဖြစ်ပြီး ပွဲစဉ် (၁၇) အပြီးတွင် ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်ထားသည်။ အောင်သူသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ ယူ-၂၀ အသင်းနှင့်အတူ ထွက်ပေါ်လာသည့် ကစားသမား ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ချီးမြှင့်သည့် ၂၀၁၅ လူငယ် အကောင်းဆုံးကစားသမားဆုရရှိထားကြောင်း သိရသည်။

Most Read

Most Recent