ဆာလာ၏ဒဏ်ရာအတွက် ရာမို့စ်ကို လီဗာပူးလ်ပရိသတ်များ ပြစ်တင်ခဲ့သော်လည်း လမ်းပတ်နှင့် ဖာဒီနန်တို့ ကာကွယ်

ဆာလာ၏ဒဏ်ရာအတွက် ရာမို့စ်ကို လီဗာပူးလ်ပရိသတ်များ ပြစ်တင်ခဲ့သော်လည်း လမ်းပတ်နှင့် ဖာဒီနန်တို့ ကာကွယ်
Published 28 May 2018

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်း၏ အီဂျစ် တိုက်စစ်မှူး ဆာလာ ဒဏ်ရာရရှိမှုအတွက် ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကို လီဗာပူးလ် ပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ယင်းပွဲ၏ ပွဲချိန်မိနစ်(၃၀)ခန့်တွင် ဆာလာ နှင့် ရာမို့စ်တို့ဘောလုံးကိုယှဉ်လုရာမှ နှစ်ဦးစလုံး လဲကျခဲ့ကြပြီး ဆာလာမှာ ပခုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ဖြစ်ပွားအပြီး ဆာလာမှာ မိနစ်အနည်းငယ်ပြန်လည်ကစားခဲ့သော်လည်း ဒဏ်ရာမှာ နာကျင်နေသဖြင့် ဆက်ကစားနိုင်ခြင်းမရှိ တော့ဘဲ အင်္ဂလန်ကွင်းလယ်လူ လယ်လာနာနှင့် လူစားလဲခဲ့ရသည်။ ယင်းပွဲတွင် ဆာလာအား လူစားမလဲမီ အစောပိုင်းမိနစ်များ၌ လီဗာပူးလ်အသင်းမှာ ရီးယဲလ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး အခွင့်အရေးများစွာရရှိခဲ့သည်။

သို့ဖြစ်ရာ ဆာလာ ဒဏ်ရာရပြီး လူစားလဲခံရခြင်းအတွက် ရာမို့စ်ကို လီဗာပူးလ်ပရိသတ်များက ဒေါသထွက်ခဲ့ကြပြီး ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့ကြသည်။ ယင်းပွဲတွင် လီဗာပူးလ်အသင်းမှာ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ရာမို့စ်၏လုပ်ရပ်မှာ ပွဲကိုအလှည့်အ ပြောင်းဖြစ်သွားစေခဲ့သည်ဟု လီဗာပူးလ်ပရိသတ်များက ပြစ်တင်ခဲ့သည်။

သို့သော် ယင်းပွဲအား ရုပ်သံမှ ဘောလုံးဝေဖန်မှုပြုလုပ်နေသူ ချယ်လ်ဆီးကွင်းလယ်လူ ဟောင်း ဖရန့်လမ်းပတ်နှင့် မန်ယူနောက်ခံလူ ဟောင်း ရီယိုဖာဒီနန်တို့မှာ ရာမို့စ်အား အပြစ်မမြင်ဘဲ ယင်းဖြစ်ရပ်တွင် ၎င်းအနေဖြင့် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိခဲ့ဟု ပြောကြားခဲ့သည်။ BT Sport ရုပ်သံတွင် ယင်းဗိုလ်လုပွဲကို ဝေဖန်ပြော ကြားရာ၌ လမ်းပတ်နှင့် ဖာဒီနန်တို့က ရာမို့စ် ဘက်မှ ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွဲပထမပိုင်းပြီးချိန်တွင် ဝေဖန်သုံးသပ်ရာ၌ လမ်းပတ်အား ယင်းဖြစ်ရပ်တွင် ရာမို့စ်အနေဖြင့် အပြစ်ရှိသလောဟုမေးမြန်းခဲ့ရာ ၎င်းက "No၊ ကျွန်တော်က ဒီလိုမထင်ပါဘူး။ ဘယ်နောက်ခံလူမဆို ဒီလို ပုံစံမျိုးပြုလုပ်ကြမှာပါပဲ။ တစ်ခါတစ်ရံ ဒီလိုချိတ်ပြီး လဲကျတာမျိုးမှာ တစ်ဦးနဲ့တစ်ဦး လက်ချင်းချိတ် နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဖြစ်ရပ်မှာ သူ လဲကျတဲ့ပုံစံက ကံအကြောင်းမလှစွာဖြစ်သွားခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

ဆာလာဒဏ်ရာရချိန်တွင် ရာမို့စ်က နှစ်သိမ့် ပြောကြားမှုများပြုလုပ်ခဲ့သလို၊ ဘောလုံးဆက်မကစားနိုင်တော့၍ ကွင်းပြင်သို့ထွက်ခွာရာတွင်လည်း ဆာလာအား ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။ သို့သော် ဆာလာ ကွင်းပြင်သို့ ထွက်ခွာသွားချိန်၌ ရာမို့စ်မှာပြုံးနေပြီး စည်းကြပ်ဒိုင်တစ်ဦးနှင့် ရယ် မောနေသည့်ဓာတ်ပုံများထွက်ပေါ်လာခဲ့သည်။

BT Sport ရုပ်သံတွင် လမ်းပတ်နှင့်အတူ ဘောလုံးဝေဖန်မှုပြုလုပ်နေသည့် ရီယိုဖာဒီနန်က ၎င်းဖြစ်ရပ်နှစ်ခုမှာ ဆက်စပ်မှုမရှိဟု ပြောကြားခဲ့သည်။ ဖာဒီနန်က " ကျွန်တော်ကတော့ ဒီဖြစ်ရပ် နှစ်ခု(ဆာလာ ဒဏ်ရာ ရခြင်းနှင့် ရာမို့စ် ရယ်မော နေခြင်း)ကိုယှဉ်တွဲပြီး မမြင်မိပါဘူး။ ဒီဖြစ်ရပ်မှာ ရာမို့စ်ဟာ အကောင်းဆုံးဖြစ်အောင် ကာကွယ်သွားတယ်လို့ပဲ မြင်ပါတယ်။ နောက်ပြီး ဆာလာကို ဒဏ်ရာရရှိအောင် သူ တမင်တကာ ပြုလုပ်ခဲ့ တာလည်း မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ဆာလာ ကွင်းပြင်သု့ိထွက်ခွာသွားချိန်တွင် လီဗာပူးလ်ကစားသမားများသာမက ရီးယဲလ်မက်ဒရစ် ကစားသမားများကလည်း ၎င်းကိုနှစ်သိမ့်ခဲ့ပြီး ယင်းထဲတွင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုလည်း ပါဝင်ခဲ့သည်။

Most Read

Most Recent