ခြေစမ်းပွဲများ လာရောက်ယှဉ်ပြိုင်မည့် လိဒ်စ်ယူနိုက်တက်အသင်း မေ ၈ ရက် ညနေပိုင်း ရောက်ရှိမည်

ခြေစမ်းပွဲများ လာရောက်ယှဉ်ပြိုင်မည့် လိဒ်စ်ယူနိုက်တက်အသင်း မေ ၈ ရက် ညနေပိုင်း ရောက်ရှိမည်
Published 7 May 2018

အင်္ဂလန်လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်နေသည့် လိဒ်စ်ယူနိုက်တက်အသင်း (Photo: Leeds United Facebook)

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မေ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

လိဒ်စ်ယူနိုက်တက်အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်များနှင့် ကစားသမား စုစုပေါင်း ၃၀ ကျော် လိုက်ပါလာမည်ဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးပွဲဖြစ်သည့် QPR အသင်းနှင့်ပွဲအပြီးတွင် ထွက်ခွာလာမည်ဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် ရာသီပိတ် နောက်ဆုံးပွဲအပြီးတွင် လာရောက်ခြင်းဖြစ်သော်လည်း အမာခံကစားသမား အစုံအလင်ပါဝင်မည်ဖြစ်ပြီး ပြင်းထန်သည့်ဒဏ်ရာရမှသာ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် မေ ၈ ရက် ညနေပိုင်းမှသာ ရောက်ရှိမည် ဖြစ်သောကြောင့် ခြေစမ်းပွဲမတိုင်မီ လေ့ကျင့်ချိန်မရှိဘဲ မေ ၉ ရက် နံနက်ပိုင်းသာ လေ့ကျင့်ချိန် အနည်းငယ်ရမည်ဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားပြီးပါက မေ ၁၀ ရက်တွင် မန္တလေးမြို့သို့ ထွက်ခွာမည်ဖြစ်သည်။ လိဒ်စ်ယူနိုက်တက် အသင်းသည် မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မေ ၉ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌  MNL All Star အသင်း၊ မေ ၁၁ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားကာ နှစ်ပွဲစလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။ MFF သည် ယင်းခြေစမ်းပွဲများတွင် မြန်မာ ဘောလုံးပရိသတ်များ တစ်ခဲနက်လာရောက်အားပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကြိုတင်လက်မှတ်များ ရောင်းချလျက်ရှိသည်။

လိဒ်စ်ယူနိုက်တက်အသင်း ခြေစမ်းပွဲ လာရောက်မည့်အစီအစဉ်အား ဗြိတိန်နိုင်ငံရေး လောကနှင့် နိုင်ငံတကာသတင်းဌာနများက ဝေဖန်မှုများပြုလုပ်ခဲ့သော်လည်း လိဒ်စ်ယူနိုက်တက်အသင်းပိုင်ရှင်က မြန်မာဘောလုံး တိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် လာရောက်ကစားခြင်းဖြစ်သည်ဟု တုံ့ပြန်ကာ MFF နှင့်ပူးပေါင်း၍ ခြေစမ်းပွဲဖြစ်မြောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာဘောလုံးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည်ဖြစ်ပြီး လူငယ်ကစားသမားများအား ဘောလုံးအခြေခံ နည်းစနစ်များ သင်ကြားပေးမည့်အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်၍ ခြေစမ်းပွဲများကစားရန် အစီအစဉ်ရှိကြောင်း သိရသည်။

Most Read

Most Recent