ကွန်ပနီကိုဖျက်ထုတ်မှုအတွက် စပါးနောက်ခံလူ ဒေးဗီးစ် အနီကတ်ပြခံရသင့်ဟု ဆောင်းနက်စ်နှင့်ဂယ်ရီနဗီးလ် ဝေဖန်

ကွန်ပနီကိုဖျက်ထုတ်မှုအတွက် စပါးနောက်ခံလူ ဒေးဗီးစ် အနီကတ်ပြခံရသင့်ဟု ဆောင်းနက်စ်နှင့်ဂယ်ရီနဗီးလ် ဝေဖန်
Published 16 April 2018

 

 

Photos: Getty Images

 

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၁-၃)မန်စီးတီးပွဲ၌ မန်စီးတီး အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် စပါးနောက်ခံလူ ဘင်ဒေးဗီးစ်မှာ အနီကတ်ပြထုတ်ပယ်ခံရသင့်သည်ဟု နာမည်ကျော်ရုပ်သံဘောလုံးဝေဖန်သူများဖြစ်သည့် ဂရေမီဆောင်းနက်စ်နှင့် ဂယ်ရီနဗီးလ်တို့က မှတ်ချက်ပြုဝေဖန်ခဲ့သည်။

ယင်းပွဲတွင် ပွဲချိန်(၂၇)မိနစ်၌ ဘင်ဒေးဗီးစ်သည် ကွန်ပနီကို ကြမ်းတမ်းစွာဖျက်ထုတ်ရာမှ ခြေဖြင့်ကန်မိခဲ့ခြင်းဖြစ်ပြီး ၎င်း၏လုပ်ရပ်အတွက် ကွန်ပနီက ဒေါသတကြီးတုံ့ပြန်ရန်တွေ့ခဲ့သည်။ ၎င်းတို့နှစ်ဦး အပြန်အလှန်စကားများခဲ့ကြပြီး ဒိုင်လူကြီး ဂျွန်မော့စ်က ဘင်ဒေးဗီးစ်အား အဝါကတ်ပြသကာ သတိပေးခဲ့သည်။

ဆောင်းနက်စ်နှင့် ဂယ်ရီနဗီးလ်တို့က ဒိုင်လူကြီးအနေဖြင့် ဘင်ဒေးဗီးစ်ကို တိုက်ရိုက်အနီကတ်ပြသကာ ထုတ်ပယ်သင့်ကြောင်း အသီးသီးဝေဖန်ခဲ့သည်။ ဂရေမီဆောင်းနက်စ်က " ဒေးဗီးစ်ဟာ ဒီဖျက်ထုတ်မှုအတွက် အ နီကတ်ပြခံရသင့်ပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ အနီကတ်နဲ့ထိုက်တန်ပါတယ်။ ဒိုင်လူကြီးအနေနဲ့ ဒီ ဖျက်ထုတ်မှုကို မတွေ့ခဲ့ဘူးလားလို့ မေးရမလိုပါ ပဲ" ဟု ပြောကြားခဲ့သည်။

ထို့အတူ ဂယ်ရီနဗီးလ်ကလည်း " ဒါဟာ အလွန်အံ့အားသင့်စရာကောင်းတဲ့ ဖျက်ထုတ်မှုတစ်ခုပါ။ ဒီဖျက်ထုတ်မှုအတွက် သူ့(ဘင်ဒေးဗီးစ်)ကို အနီကတ်ပြသင့်ပါတယ်။ ဒီဖျက်ထုတ်မှုဟာ ဘောလုံးကိုဖျက်တာ မဟုတ်ပါဘူး။ ဒီလုပ်ရပ်အတွက် ခွင့်လွှတ်စရာမရှိပါဘူး။ ကွင်းထဲမှာ ဆက်ရှိနေတာ သူ ကံကောင်းပါတယ်။ ကွန်ပနီရဲ့တုံ့ပြန်မှုကလည်း မမှားဘူးလို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ကွန်ပနီသည် မန်စီးတီးအသင်းတွင် ဒဏ်ရာပြဿနာများကြောင့် မကြာခဏအနား ယူနေရသူဖြစ်ပြီး ယင်းပွဲ၌ သူ၏ဒဏ်ရာရရှိမှုမှာ မန်စီးတီးအသင်းနှင့် ပရိသတ်များအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကွန်ပနီသည် ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘဲ စိုးရိမ်စရာမရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent