အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာအသင်းနှင့်ခြေစမ်းရန် အာဆီယံအသင်းအချို့ ကမ်းလှမ်း

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာအသင်းနှင့်ခြေစမ်းရန် အာဆီယံအသင်းအချို့ ကမ်းလှမ်း
Published 6 April 2018

မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ၂၀၁၆ ခုနှစ်က သုဝဏ္ဏကွင်း၌ ခြေစမ်းကစားစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် အာဆီယံဒေသတွင်းအသင်း အချို့ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းတွင် လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)သည် မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် အသစ်ခန့်အပ်မည့် နည်းပြချုပ်အပေါ် မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အနည်းဆုံး နိုင်ငံတကာခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် စင်ကာပူနှင့် အင်ဒိုနီးရှားအသင်းတို့ ကမ်းလှမ်းထားပြီး စင်ကာပူဘောလုံးအဖွဲ့ချုပ်နှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တရားဝင်ဖိတ်ကြားထားကြောင်း သိရသည်။ မြန်မာအသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် စင်ကာပူ၊ အင်ဒိုနီးရှား လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားလေ့ရှိပြီး ဆူဇူကီးပြိုင်ပွဲ မတိုင်မီ အာဆီယံအသင်းများအပြင် အာရှအသင်းအချို့နှင့်လည်း ခြေစမ်းကစားရန် စီစဉ်နေသည်။ “ဆူဇူကီးဖလားပြိုင်ပွဲမတိုင်ခင်မှာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုင်ငံတကာခြေစမ်းပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားမှာပါ။ ခြေစမ်းကစားဖို့ ဖိတ်ကြားထားတဲ့အသင်းတွေရှိသလို ကျွန်တော်တို့ဘက်က ကမ်းလှမ်းထားတဲ့အသင်းတွေလည်း ရှိပါတယ်။ ဆူဇူကီး ဖလားပြိုင်ပွဲက အာဆီယံဒေသတွင်းမှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် မြန်မာအသင်းရဲ့ခြေစွမ်း ပိုပြီးတိုးတက်လာအောင် အာဆီယံ အသင်းမဟုတ်တဲ့ တခြားအာရှအသင်းတွေနဲ့လည်း ကစားဖို့ဆန္ဒရှိပါတယ်။ ခြေစမ်းပွဲကစားမယ့် အစီအစဉ်တွေက အသစ်ခန့်အပ်မယ့် နည်းပြအပေါ်မှာ မူတည်ပါတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် စင်ကာပူ၊ အင်ဒိုနီးရှားအသင်းတို့နှင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းနှင့် စင်ကာပူအသင်းသည် ၂၀၁၇ ခုနှစ် ဇွန် ၆ ရက်က စင်ကာပူနိုင်ငံ၌ နောက်ဆုံး ခြေစမ်းကစားခဲ့ပြီး တစ်ဂိုးစီသရေကျထားသည်။ အင်ဒိုနီးရှားအသင်းနှင့်မူ ဆူဇူကီးဖလားပြိုင်ပွဲအကြို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။

Most Read

Most Recent