■ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် အသင်းဖော်များကို လူကာကူ ဝေဖန်

■ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် အသင်းဖော်များကို လူကာကူ ဝေဖန်
Published 15 March 2018

 

Photos: AFP,Daily Mail

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ် မန်ယူ(၁-၂)ဆီဗီလာပွဲအပြီးတွင် မန်ယူတိုက်စစ်မှူး လူကာကူက အသင်းဖော်များကို ဝေဖန်ပြောကြားခဲ့သည်။ ယင်းပွဲတွင် မန်ယူအသင်းသည် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ ကစားရခြင်းဖြစ်သော်လည်း စပိန်ကလပ် ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ပွဲအပြီးတွင် လူကာကူအား BT Sport ရုပ်သံက အင်တာဗျူးရာ ၎င်းက မန်ယူအသင်းဖော်အချို့ကို ဝေဖန်ပြောကြားခဲ့သည်။ "မန်ယူ ကစားသမားတချို့ကြားမှာ ပျော့ကွက်၊ ဟာကွက်တွေ ရှိနေပါတယ်။ တချို့ကစားသမားတွေဟာ ကွင်းထဲမှာ ပျောက်ဆုံးနေကြပါတယ်။ ပွဲတစ်ပွဲရဲ့ လှည့်ကွက်က ကြီးမားလွန်းပါတယ်။ ကျွန်တော်တို့ပွဲကို ကောင်းကောင်းစ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ သူတို့(ဆီဗီလာအသင်း)ကို အခွင့်အရေးတွေ ပေးမိခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း အခွင့်အရေးတွေရှိခဲ့ပေမယ့် သူတို့က ဂိုးအရင် စရသွားပါ တယ်။ ကျွန်တော်တို့ချေပနိုင်ဖို့ကြိုးစားချိန်မှာ သူတို့က နောက်ထပ်ဂိုးသွင်းခဲ့ပြီး ဒီဂိုးဟာ ကျွန်တော်တို့ကို အလွန်ပဲ အထိနာစေခဲ့ပါတယ်။ ကျွန်တော်တို့ ပြန်ကြိုးစားပေမယ့် အရာမထင်ခဲ့ပါဘူး" ဟု လူကာကူက ပြောကြားခဲ့သည်။

ထို့ပြင် လူကာကူက မန်ယူအသင်းအနေဖြင့် လက်ရှိခြေစွမ်းအရ ကွာတားဖိုင်နယ်သို့တက်ရောက်ရန် မထိုက်တန်ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။ " ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းအောင် ကစားသင့်ပါတယ်။ ကျွန်တော်တို့ အရည်အသွေးကို ပိုထုတ်ခဲ့ရင် နောက်တစ်ဆင့်ကို ရောက်ရှိမှာပါ။ လက်ရှိစွမ်းဆောင်ရည်အနေအထားကတော့ နောက်တစ်ဆင့်အတွက် မထိုက်တန်ပါဘူး" ဟု လူကာကူက ဆက်လက်ပြော ကြားခဲ့သည်။

Most Read

Most Recent