အီရန်နိုင်ငံတွင် ဘောလုံးပွဲကြည့်ရှုခွင့်ရရန် ကြိုးပမ်းသည့် အမျိုးသမီး ၃၅ ဦး ဖမ်းဆီးခံရ မကြာမီကာလအတွင်း ကြည့်ရှုခွင့်ရမည်ဟု ကတိပြုထားကြောင်း FIFA ဥက္ကဋ္ဌ ပြောကြား

အီရန်နိုင်ငံတွင် ဘောလုံးပွဲကြည့်ရှုခွင့်ရရန် ကြိုးပမ်းသည့် အမျိုးသမီး ၃၅ ဦး ဖမ်းဆီးခံရ မကြာမီကာလအတွင်း ကြည့်ရှုခွင့်ရမည်ဟု ကတိပြုထားကြောင်း FIFA ဥက္ကဋ္ဌ ပြောကြား
Published 5 March 2018

ဇန်နဝါရီ ၁၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံရှိ ပြည်တွင်းလိဂ်ပွဲစဉ်တစ်ခုတွင် အမျိုးသမီးပရိသတ်များ ကြည့်ရှုအားပေးနေစဉ်(Photo: AFP)

မတ် ၁ ရက်က အီရန်နိုင်ငံ၌ ကွင်းအတွင်းဝင်ရောက်၍ ဘောလုံးပွဲကြည့်ရှုခွင့်ရရန် ကြိုးပမ်းသည့် အမျိုးသမီး ၃၅ ဦး ခေတ္တဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

တီဟီရန်အခြေစိုက် အီစတက်ကလယ်နှင့် ပါဆီပိုလစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ကြည့်ရှုခဲ့ပြီး အမျိုးသမီးများကလည်း ဝင်ရောက်ကြည့်ရှုခွင့်ရရန် ကြိုးပမ်းရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ အီရန် အစိုးရသည် ၁၉၇၉ ခုနှစ်ကတည်းက အမျိုးသားဘောလုံးပွဲများတွင် အမျိုးသမီးပရိသတ်များ ကြည့်ရှုခွင့် တားမြစ်ပိတ်ပင်ထားသောကြောင့် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ အလီနက်ချ်ဂျက်က FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုရောက်ရှိနေစဉ် သတိပြုမိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။ အမျိုးသမီး ၃၅ ဦးဖမ်းဆီးခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အီရန်ပြည်ထဲရေးဝန်ကြီး ဆာမာနီက ဖမ်းဆီးခြင်းမဟုတ်ဘဲ ယာယီထိန်းသိမ်းပြီးနောက် ပွဲအပြီးတွင် ပြန်လွှတ်ပေးခဲ့ကြောင်း အစိုးရ နှင့် ပုဂ္ဂလိက ဖက်စပ် ISNA သတင်း အေဂျင်စီသို့ ပြောကြားသည်။ ယင်းခရီးစဉ်ကြောင့် ဝေဖန်မှုများခံနေရသည့် အင်ဖန်တီနိုကမူ အီရန်အစိုးရအနေဖြင့် မကြာမီကာလအတွင်း အမျိုးသမီးများအား ဘောလုံးကွင်းအတွင်း ကြည့်ရှုခွင့်ပြုမည်ဟု ကတိပေးထားကြောင်း မတ် ၂ ရက်တွင် ပြောကြားသည်။

“ကျေးဇူးပြုပြီး ကွင်းတွေထဲကို အမျိုးသမီးတွေ ဝင်ခွင့်ပြုရေး စဉ်းစားဆုံးဖြတ်ဖို့ ရိုဟာနီ (အီရန်သမ္မတ) ကို တိုက်တွန်းခဲ့ပါတယ်။ အီရန်ကို လာပြီး သမ္မတကို အခုလိုပြောဖူးတဲ့သူ ဘယ်နှဦးရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ အီရန်မှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မကြာခင်မှာ ဘောလုံးကွင်းတွေထဲ ဝင်ခွင့်ရမယ်လို့ ကျွန်တော်ကတိပေးပါတယ်။ အဲဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားသလို ယုံကြည်မှုလည်းရှိပါတယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ မနေ့က မွန်းလွဲပိုင်းမှာ ကျွန်တော်ကြိုးစားခဲ့တဲ့အရာက ကမ္ဘာ တစ်ဝန်းလုံးမှာရှိတဲ့ များစွာသော အမျိုးသမီးတွေကို အကူအညီပေးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

သမ္မတ ရိုဟာနီသည် လွန်ခဲ့သည့်ငါးနှစ်က FIFA ဥက္ကဋ္ဌဟောင်း ဘလတ္တာ၏ခရီးစဉ်တွင်လည်း အမျိုးသမီးများအား ဘောလုံးပွဲကြည့်ခွင့် ပြုမည်ဟု ကတိပေးခဲ့ဖူးသည်။

Most Read

Most Recent