အမျိုးသားရေးဝါဒီများကို မကိုင်တွယ်တတ်ပါက တိုင်းပြည်အန္တရာယ် ကျရောက်နိုင်ကြောင်း ဦးကိုကိုကြီး ပြောကြား

အမျိုးသားရေးဝါဒီများကို မကိုင်တွယ်တတ်ပါက တိုင်းပြည်အန္တရာယ် ကျရောက်နိုင်ကြောင်း ဦးကိုကိုကြီး ပြောကြား
Published 11 October 2017

အမျိုးသားရေးဝါဒီများကို မကိုင်တွယ်တတ်ပါက တိုင်းပြည်အန္တရာယ် ကျရောက်နိုင်ပြီး နှစ်ဖက်ကြား သဟဇာတ ဖြစ်ရန်မှာ လစ်ဘရယ်သမားများသည် တိုင်းပြည်၏ ပကတိအခြေအနေ၊ သမိုင်းကြောင်းများကို ဂဃနဏ နားလည်အောင် လုပ်ဆောင်ရန်လိုပြီး အမျိုးသားရေးသမား များသည်လည်း နိုင်ငံတကာ အမြင်ရှိရန်လိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် Generation Wave (မျိုးဆက်လှိုင်းအဖွဲ့) ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ အမှတ်တရစကား ပြောကြားရာတွင် ဦးကိုကိုကြီးက အမျိုးသားရေးဝါဒီများနှင့် လစ်ဘရယ်သမားများကြား သဟဇာတဖြစ်ရေး ကိစ္စရပ်အပေါ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဒီဟာကို မျှမျှတတဖြစ်အောင် လုပ်တဲ့အခါမှာ လစ်ဘရယ်က အခုပြောကြစို့ဆိုရင် နိုင်ငံတကာမှာ ကိုယ်၌က စနစ်တွေက ပြည့်စုံတယ်ဆိုတာ မရှိဘူး။ အမြဲတမ်း မွမ်းမံနေရတယ်။ ဥပမာအားဖြင့် ထရန့် (အမေ ရိကန်သမ္မတ) နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်ဂယက်ရိုက်ကြတယ်။ ပြောကြရင် လစ်ဘရယ်လစ်ဇင်မှာ ကျဆုံးသွားပြီလားပေါ့။ Nationalist (အမျိုးသားရေးသမား) တွေပြန်တက်လာပြီလား ဆိုတာကို ဒါဟာနိုင်ငံတကာ အတိုင်းအတာနဲ့ ဖြစ်နေတာ။ ဥပမာအားဖြင့် ဒါ EU (ဥရောပသမဂ္ဂ) ပေါင်း စည်းဖို့အတွက် ခဲရာခဲဆစ် ကြိုးစားခဲ့ကြတယ်။ အခုတစ်ခါ ဗြိတိန်နုတ်ထွက်တဲ့ကိစ္စ၊ နောက်စပိန်မှာ ခွဲထွက်ခွင့် ဖြစ်တဲ့ကိစ္စ ဒါကဘာလဲဆိုတော့ Nationalist ဟာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှာ သူကခြေတံတွေ။ အဲဒီအငုတ်က အဲဒါကို မကိုင်တွယ်တတ်ရင်၊ မထိန်းသိမ်းတတ်ရင် ပြောရရင် အန္တရာယ်ဖြစ်တဲ့အထိ ကျရောက်သွားနိုင်တယ်။ ဒါကြောင့် Nationalist နဲ့ Liberalist ဟာ သဟဇာတဖြစ်အောင် လုပ်ဖို့ဆိုတဲ့ ကိစ္စမှာ လစ်ဘရယ်သမားတွေက တိုင်းပြည်ရဲ့ ပကတိအခြေအနေ၊ သမိုင်းကြောင်းတွေကို ဂဃနဏ သူတို့က နားလည်အောင် ကြိုးစားဖို့လိုတယ်။ Nationalist တွေကလည်း ကိုယ့်ဥခွံထဲမှာ ကိုယ်မနေဘဲနဲ့ နိုင်ငံတကာအမြင် ရှိဖို့လိုတယ်။ တစ်ခါတစ်ခါကျတော့ ကိုယ်ကတော့ ကိုယ်မှန်တယ်ထင်လို့ ကိုယ်လုပ်တာပဲ အပြင်ကနေ ကြည့်တဲ့အခါကျတော့ ကိုယ့်ရဲ့ပုံရိပ်ကို ထိတဲ့ကိစ္စတွေရှိတယ်။ ဒါကြောင့် Think Global နဲ့ Act Local မျှမျှတတဖြစ်အောင် လုပ်ဖို့ဆိုတာ နှစ်ဖက်စလုံးက လေ့လာလိုစိတ် ရှိအောင်လုပ်ဖို့လိုတယ်။ မျှဝေဖို့ ဆန္ဒရှိဖို့လိုတယ်။ မဟုတ်ရင် ကိုယ့်အမှန်တရားတွေက ကိုယ့်ပါကိုတော့ မှန်နေတာပေါ့။ ဆိုတော့ ကိုင်ထားပြီးလုပ်ရင် လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခ ဖြစ်မှုတွေ၊ ထိပ်တိုက်ဖြစ်မှုတွေ အမြဲတမ်းပေါ့။ ဒါက ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ ကြုံရတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်သည် လွန်စွာထူးခြားသည့်နှစ် ဖြစ်ကြောင်း၊ အမေရိကန်တွင် သမ္မတထရန့် အနိုင်ရရှိခဲ့ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ကာ ဖိလစ်ပိုင်တွင်လည်း သမ္မတဒူတာတေး တက်လာကြောင်း၊ ရုရှားတွင် သမ္မတပူတင်သည် ဆက်လက် အားကောင်းနေသဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် Liberalism သည် အကျပ်အတည်းနှင့် ပြန်လည်တွေ့ကြုံနေရကြောင်း၊ တစ်ချိန်က ကွန်မြူနစ်ဝါဒသည် အကောင်းဆုံးဖြစ်မည့် အခြေအနေတစ်ခု အနေဖြင့် တည်ဆောက်ခဲ့သော်လည်း ကျင့်သုံးရင်းဖြင့် အားနည်းချက်များ တွေ့လာသည့်အခါ ပြုပြင်ပြောင်းလဲနိုင်သည့် Idealogy များသာ ကျန်ခဲ့ပြီး တရားသေသမားများသည် ကျဆုံးသွားကြောင်း၊ ထို့ကြောင့် Idealogy အကုန်လုံးသည် ပြီးပြည့်စုံသည်ဟု မရှိကြောင်း၊ ဒီမိုကရေစီစနစ်၌ပင် မရှိကြောင်း၊ နိုင်ငံတကာတွင် လူ့အခွင့်အရေးနှင့် အချုပ်အခြာအာဏာက မည်သို့စည်းခြားမည် ဆိုသည့်အချက်သည် နိုင်ငံတကာ ပြဿနာ ဖြစ်နေကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။