ဘားအံအကျဉ်းထောင် ဖောက်ပြေးသော တရားခံများ ဖမ်းဆီးရမိရေးအတွက် ထိုင်းနိုင်ငံဘက်တွင် ကြေညာပြီး စစ်ဆေးမှုပြုလုပ်

ဘားအံအကျဉ်းထောင် ဖောက်ပြေးသော တရားခံများ ဖမ်းဆီးရမိရေးအတွက် ထိုင်းနိုင်ငံဘက်တွင် ကြေညာပြီး စစ်ဆေးမှုပြုလုပ်
Published 21 September 2018

ကရင်ပြည်နယ်၊ ဘားအံ (တောင်ကလေး) အကျဉ်းထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၂၀ ခန့် လွတ်မြောက်ဆဲ သတင်းကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြန်မာနိုင်ငံ နယ်စပ်မဲဆောက်အဝင် ချစ်ကြည်ရေးတံတားကြီး စစ်ဆေးရေးဂိတ်နှင့် သောင်းရင်းမြစ်စက်လှေဂိတ်များ၌ ထိုင်းစစ်တပ်၊ ရဲများနှင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် တရားခံပြေးများ၏ ပုံများအား ကြေညာကာ ခရီးသွားများကိုလည်း စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

ထောင်ဖောက်ပြေးသည့် တရားခံများ ဖမ်းဆီးရမိရေးအတွက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသလို မြဝတီဘက်မှ မဲဆောက်သို့ ဝင်လာသော မော်တော်ယာဉ်များအား စက်တင်ဘာ ၁၈ ရက်မှစ၍ တစ်စီးချင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ စက်လှေဖြင့်လာသော ခရီးသည်များကိုလည်း စစ်ဆေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် မြန်မာနိုင်ငံဘက်မှ အဝင်အထွက်ဂိတ်၊ ကားဂိတ်၊ ဈေးနှင့် လူစည်ကားရာနေရာများတွင် တရားခံပြေးပုံများကို ကပ်ထားပြီး ရပ်ကွက်လူကြီးများကိုလည်း ထူးခြားသတင်းပို့ရန် မှာထားကြောင်း မဲဆောက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြဝတီ-မဲဆောက် ပြေးဆွဲနေသော မော်တော်ယာဉ်မောင်းတစ်ဦးက “မဲဆောက်ကိုသွားတဲ့ ခရီးသည်တင်ကားတွေကို ထိုင်းအဝင် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်တပ်နဲ့ ထိုင်းနယ်ခြားစောင့်ရဲတွေက စစ်ဆေးမှုတွေကို ပြုလုပ်နေကြတယ်ဗျ။ စက်တင်ဘာ ၁၈ ရက်ကလို့ ဆိုပါတယ်။ ဘားအံအကျဉ်းထောင်က ထောင်သားတွေ ၂၀ လောက်က မမိသေးဘူးလို့ သိရပါတယ်။ ဒီလို ရှာဖွေစစ်ဆေးနေတာကို ရက်အကန့်အသတ်မရှိ မနက် ၆ နာရီကနေ ည ၈ နာရီအထိ လုပ်သွားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

မြန်မာ၊ ထိုင်းနယ်စပ် မြဝတီသောင်ရင်း မြစ်ကမ်းတစ်လျှောက် ထိုင်းစစ်တပ်နှင့် ထိုင်းနယ်ခြားစောင့်ရဲများမှလည်း လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်နေသလို မြဝတီမြို့တွင်လည်း တပ်၊ ရဲ ၊ BGF နှင့် ပြည်သူများ ပူးပေါင်းကာ ပိတ်ဆို့ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးနေသော အကျဉ်းသားနှစ်ဦးကို စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံဖမ်းဆီးရမိသည့်အတွက် ထောင်ဖောက်ပြေးသူ ၄၂ ဦးအနက် ၂၄ ဦးကို ဖမ်းဆီးရမိပြီးဖြစ်ကာ ကျန် ၁၈ ယောက်ကိုလည်း ဖမ်းဆီရမိရေးအတွက် ဖွဲ့စုံမှ ပူးပေါင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲမှူးရုံးမှ အရာရှိတစ်ဦးက “မနက်ပိုင်းက မင်းဇီအထက်ကျေးရွာမှာ ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ရှာဖွေရာက တစ်ဦးဖမ်းဆီးရမိတယ်။ မွန်းလွဲပိုင်းမှာလည်း တောင်ကလေးမောင်းတံဂိတ်မှာ ပူးပေါင်းအဖွဲ့နဲ့ ပိတ်ဆို့စစ်ဆေးတဲ့အချိန်မှာ တစ်ဦးထပ်မိတယ်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ပြည်သူများအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ထူးခြားမှုတ စ်စုံတစ်ရာတွေ့ရင် ရဲတပ်ဖွဲ့ကို သတင်းပို့ပေးဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၏ ကြပ်မတ်ကွပ်ကဲမှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ထွက်ပေါက်များ၊ လမ်းတံတား လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များ၊ မြို့ဝင်မြို့ထွက်နေရာများတွင် နယ်မြေခံရဲစခန်းများ အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်များ မြန်မာထိုင်းနယ်စပ် မြဝတီမြို့ အဝင်အထွက် လှေဂိတ်များပါမကျန် ၂၄ နာရီ စောင့်ကြပ် ပိတ်ဆို့ရှာဖွေလျက်ရှိသည်။