ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် Aim Star နှင့် Shine Hope တို့ MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းမည်ဟု ကြေညာ

ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် Aim Star နှင့် Shine Hope တို့ MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းမည်ဟု ကြေညာ
Published 20 September 2018

ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း  စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ထောင်ဒဏ်သုံးနှစ်အထိချမှတ်မည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့်အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် Aim Star နှင့် Shine Hope တို့က MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းမည်ဟု ကြေညာချက်ကို စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

MLM လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အစိုးရအဖွဲ့က အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စက်တင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူခံရ မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ ထုတ်ပြန်ချက် ထွက်လာခဲ့ပြီးနောက် Aim Star နှင့် Shine Hope တို့က MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းမည်ဟု ကြေညာချက်ကို စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ MLM စနစ်ဖြင့် ဖြန့်ချိသည့် လုပ်ငန်းများ ရုတ်ခြည်းရပ်ဆိုင်းမှုကြောင့် နစ်နာသူများအတွက် ကုမ္ပဏီဘက်မှပြန်လည် ကုစားပေးမည့် အစီအစဉ်များ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။ ထိုသို့ MLM စနစ်ကြောင့် နစ်နာသူများစွာရှိနေ၍ အောက်ခြေအသင်းဝင်များစွာ ဝယ်ယူထားမိသည့် ပစ္စည်းများအတွက် ငွေပြန်အမ်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း Anti-MLM မှ ကိုဇင်ဇေလွင်က ပြောကြားသည်။

“ အစ်မတို့က ဒီပစ္စည်းတွေ စိုက်ထုတ်ပြီး လက်ထဲမှာထားပြီး သူတို့တွေ ဒီပစ္စည်းတွေကို လိုက်ရောင်းခိုင်းထားတဲ့ အခြေအနေ မဟုတ်ဘူးလေ။ တစ်ခါသုံးစရာလိုမှ တစ်ခါ ကုမ္ပဏီမှာ လာဝယ်ရတဲ့အခြေအနေလေ။ တခြားကုမ္ပဏီတွေလို ပစ္စည်းတွေအများကြီးဝယ်ထားပြီး လက်ထဲမှာ ပိုက်မိနေတဲ့ အခြေအနေ မဟုတ်ဘူး”  ဟု Shine Hope မှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့၏ ကုမ္ပဏီကြောင့် နစ်နာသူမရှိကြောင်းနှင့် ထိုမျှသာ ဖြေဆိုနိုင်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

Aim Star Network အနေဖြင့် MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းမည်ဟု စက်တင်ဘာ ၁၉ ရက်က ကြေညာရာတွင် MD ဒေါ်နန်းထောင်းခမ်း (Daw Nang Htaung Kham) လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ် ပြီး MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းသည့်စာ မှန်ကန်မှုရှိမရှိ၊ ထိုသို့ ရပ်ဆိုင်းသည့်အတွက် နစ်နာသူများရှိပါက ထိုသို့နစ်နာမှုများအပေါ် မည်သို့ကုစားပေးမည်နည်းဟု သိလို၍ ကြေညာချက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ဆောင်ဖြေဆိုသူ မရှိချေ။

“တာဝန်သိ MLM ကုမ္ပဏီတွေအနေ နဲ့ ဒီအချိန်မှာ ဘာလုပ်သင့်သလဲဆိုရင် Successmore ကုမ္ပဏီက DVB Debate မှာ လူအများရှေ့မှာ ပြောသွားတဲ့စကားရှိပါတယ်။ သူတို့ဆီက ပစ္စည်းကို ဝယ်ပြီးပေမယ့် ကုမ္ပဏီကို ပြန်အပ်မယ်ဆိုရင် ကုမ္ပဏီဘက်က ငွေပြန်အမ်းမယ်ဆိုတာပါ။ အခုလို နိုင်ငံတော်အစိုးရက MLM လုပ်ကိုင်ခွင့်ကို တားမြစ်လိုက်ချိန်မှာ အောက်ခြေအသင်းဝင်ပေါင်းများစွာက ဝယ်မိထားတဲ့ ပစ္စည်းတွေအတွက် ငွေပြန်အမ်းဖို့ အချိန်ကောင်းပါလို့ အကြံပေးချင်ပါတယ်။ Successmore မှ မဟုတ်ပါဘူး။ ငွေပြန်အမ်းလို့ ပြောထား ရေးထားဖူးတဲ့ ကုမ္ပဏီတိုင်းကို အကြံပေးချင်တာပါ။ ရဲရဲတင်းတင်း ပြောရဲဆိုရဲရှိသူတွေကိုမှ ပြန်အမ်းတာမျိုးမဟုတ်ဘဲ အားလုံးကို ပြန်အမ်းသင့်တာပါ။ မြန်မာမှာ ရောင်းလို့မရတော့တဲ့ ပစ္စည်းတွေကို ကုမ္ပဏီက သူ့အစီအစဉ်နဲ့သူ ထိုင်းမှာ ရောင်းပါလေ့စေပေါ့။ ခေါင်းဆောင်ကြီးတွေကလည်း သိန်းရာထောင်ချီ ရပြီးပြီလို့ စင်ပေါ်မှာ ပြောထားတာဆိုတော့ အဲဒီဝင်ငွေကနေ ကိုယ့်ရဲ့အောက်လူအဆင့်ဆင့်ကို တတ်နိုင်သလောက် ပြန်ခွဲဝေပေးသင့်ပါတယ်။ မီဒီယာမှာ၊ လူအများရှေ့မှာ သူတို့ ပြောခဲ့ဖူးတဲ့စကားတွေ တည်၊မတည် စောင့်ကြည့်ရမယ့် အချိန်ရောက်ပါပြီ။ ကိုယ့်ကုမ္ပဏီက ပစ္စည်းတွေအပေါ်မှာ တကယ်ကိုယ်တိုင် ယုံကြည်မှုရှိရင် အောက်လူတွေဆီကနေ အဲဒီပစ္စည်းတွေ ပြန်ယူပြီး ငွေပြန်အမ်းပေးလိုက်ကြပါ။ မြန်မာနိုင်ငံမှာ ရောင်းချခွင့်မရှိတော့တဲ့ ပစ္စည်းတွေကို သူတို့ရဲ့ နိုင်ငံတကာ ကွန်ရက်ကြီးဆီကို ပြန်ရောင်းလိုက်ကြပါ။ မြန်မာ ပြည်သူပြည်သားတွေရဲ့ ငွေတွေကိုတော့ ပြန်အမ်းပေးသွားသင့်ပါတယ်”  ဟု ကိုဇင်ဇေလွင်က MLM စနစ်ဖြင့် ဖြန့်ချိမှုများ ရပ်ဆိုင်းသည့် ကုမ္ပဏီများ၏ တာဝန်ယူမှု တာဝန်ခံမှုအပေါ် ဝေဖန်သည်။

အဆိုပါ Aim Star နှင့် Shine Hope တို့နည်းတူ စုံတွဲကြိုးကြာ၊ ရွှေပန်းတိုင်၊ Success More ၊ Lucky Time စသည့် ကုမ္ပဏီများမှလည်း MLM စနစ်ဖြင့် ကုန်စည်များ ဖြန့်ဖြူးမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီ ၅၀ မှ ၁၀၀ အကြားရှိနေပြီး အချို့သောကုမ္ပဏီများကို FDA က တရားစွဲဆိုထားသည့်အတွက် တရားရင်ဆိုင်နေရသည်။