ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရရှိခြင်းမှာ တစ်စုံတစ်ယောက်က လုပ်ကြံဖမ်းဆီးခဲ့သည်ဟု ပြောဆိုနေမှုများနှင့် ပတ်သက်၍ သီးခြားစစ်ဆေးနေကြောင်း ခရိုင်ရဲမှူး ပြောကြား

ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရရှိခြင်းမှာ တစ်စုံတစ်ယောက်က လုပ်ကြံဖမ်းဆီးခဲ့သည်ဟု ပြောဆိုနေမှုများနှင့် ပတ်သက်၍ သီးခြားစစ်ဆေးနေကြောင်း ခရိုင်ရဲမှူး ပြောကြား
Published 18 September 2018

ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရရှိခြင်းမှာ တစ်စုံတစ်ယောက်က လုပ်ကြံဖမ်းဆီးခဲ့သည်ဟု ပြောဆိုနေမှုများနှင့် ပတ်သက်၍ သီးခြားစစ်ဆေးနေကြောင်း ဂန့်ဂေါခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင် က ပြောကြားသည်။

“ဒီအမှုကို စစ်ဆေးဆဲ မူးယစ်ဆေးဝါး ဟုတ်မဟုတ်ဆိုတာ မန္တလေးကို မေးထားပါတယ်။ ရဲလုပ်ငန်းစဉ်တွေ လုပ်နေပါတယ်။ တရားရုံးကို တရားစွဲဆိုရန်အတွက် ဥပဒေ အကြံတောင်းပြီး ပြန်ကျမှ ဆက်လုပ်ရမှာပေါ့။ ရဲက သတင်းရှိလို့ သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးရဲမေတွေလည်း ပါတယ်။ ရဲအရာရှိတွေလည်း ပါတယ်။ သက်သေတွေလည်း ပါတယ်။ ရဲတပ်ဖွဲ့က ဆေးပစ်ဖမ်းတာတော့ မဟုတ်ပါဘူးလို့ ဖြေကြားလိုပါတယ်” ဟု ဒုရဲမှူးကြီး အောင်မင်းလွင်က ပြောကြားသည်။

အဆိုပါအမှုမှာ ပြင်ပတွင် တစ်စုံတစ်ယောက်က မူးယစ်ဆေးဝါးဆေးကို အသုံးပြုကာ လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားမှုများနှင့် ပတ်သက်ပြီး သီးခြားစုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ပြောကြားသည်။

“သီးခြားမနေ့က စပြီးတော့ စစ်ဆေးနေပါပြီ။ အဖွဲ့က အချိန်တန်ရင်တော့ ထုတ်ပြန်မှာပါ” ဟု ဖြေကြားခဲ့သည်။

ကျန်းမာရေး ဆရာမလေးအား ဆေးပစ်ပြီး ဖမ်းသည်ဟု ပြောဆိုမှုကြောင့် စစ်ဆေးမှု ပြုလုပ်ရာတွင် တစ်စုံတစ်ယောက်ကို ဖမ်းဆီးစစ်ဆေးမှုများ ရှိသလားဟု မေးမြန်းရာတွင် ဖမ်းဆီးထားသူ မရှိဟု ပြောကြားခဲ့သည်။

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းသန်းမြင့် ဆိုသူမှာ စက်တင်ဘာ ၁၁ ရက်က တရားရုံးတွင် အမှုရင်ဆိုင်အပြီး ပြန်လာစဉ် ဂန့်ဂေါ - ကလေးလမ်း၊ စိုင်ဒူးတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆိုကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်အား ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“အမှုအခြေအနေက သမ္မတက ဒီအမှုက ဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောလို့ သူလည်း မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ရဲရဲပြောဝံ့ပါတယ်လို့ ဂန့်ဂေါခရိုင်ရဲမှူးက ပြောပါတယ်။ ဒီကလေးမကို လွှတ်ပေးဖို့က နည်းလမ်းရှာနေတယ်။ စစ်တဲ့အဖွဲ့က သပ်သပ်ဒီမှာ ရောက်နေတယ်။ အဲဒီအဖွဲ့ စစ်တာရဲ့ အဖြေကို ရယူရမှာပေါ့။ အောင်ထိုက်ကို စစ်တော့ အောင်ထိုက်ကို ကလေးကနေပြီး သတင်းပေးတာပေါ့။ အဲဒီလူက မန္တလေးကို ရောက်နေတယ် ပြောတယ်။ မန္တလေးရောက်နေတဲ့ သူကို မန္တလေးမှာ စစ်နေပါတယ်တဲ့။ နေပြည်တော်မှာလည်း စစ်တဲ့သူတွေ စစ်နေပါတယ်လို့ ပြောတယ်။ နေပြည်တော်မှာ ဒါနဲ့ ဆက်စပ်တဲ့ သူကိုပေါ့။ နာမည်တော့ မသိဘူး ။ နှစ်ရက်၊ သုံးရက်အတွင်း သိရမှာပါလို့ ပြောပါတယ်” ဟု ဂန့်ဂေါမြို့နယ် NLD ပါတီ၏ နာယက ဦးသံမဏိက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက” အခြေအနေ ထူးတယ်ဆိုတာ ခရိုင်ရဲမှူး တင်ပြတယ်ဆိုတာ သူတို့ရဲက ကင်းလွတ်တယ်။ ရဲကမပါဘူး ဆိုတဲ့အကြောင်း သတင်းပေးလို့ တာဝန်အရ ဖမ်းရတယ်။ ရဲကို သံသယကင်းရှင်းအောင် ပြောသွားတာပဲ။ အမှုနဲ့ ပတ်သက်ပြီးတော့ သူတို့က စစ်ဆေးတာပေါ့။ သတင်းပေးတဲ့ သူတွေကို စစ်ဆေးတယ်။ လောလောဆယ်ကတော့ SB ကို မေးတော့ သတင်းထောက်ကနေ ပေးလို့ပေါ့။ သတင်းထောက် ကိုအောင်ထိုက် (ခ) ကိုလူမင်းကလည်း ကလေးမြို့က SB က သတင်းပေးတယ်လို့ မနက်ကတော့ အကြမ်းဖျဉ်း သိရတာပေါ့။ သတင်းပေးလို့ ဖမ်းရတယ်လို့ ပြောတာပေါ့ ။ သူတို့ ပြောစကားအရပေါ့။ သုံးသပ်ချက်အရတော့ သူတို့ ပြောတာလောက်ပဲ သိရတာပဲ။ ဆောင်ရွက်မှု အခြေအနေကတော့ လောလောဆယ်မှာတော့ တမင်ထောင်ချောက်ဆင်ပြီး အဖမ်းခံရတယ်လို့ အကြမ်းဖျင်းအရ သိရတယ်ပေါ့။ ထောင်ချောက် ဆင်ဖမ်းတယ်ဆိုတာ ၉၀ ရာခိုင်နှုန်းတော့ သေချာပါတယ်။ ထောင်ချောက်ဆင်ဖမ်းတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ဦးကို ဖမ်းဆီးထားတယ် ဆိုတာကတော့ မကြားသေးဘူး” ဟု ပြောကြားသည်။

မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးမှာ နေပြည်တော်တိုင်းမ် မီဒီယာအဖွဲ့မှ ဝရိန်မိုးဆိုသူအား ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုထားပြီး လတ်တလောတွင် ယင်းအမှုအား ရင်ဆိုင်ဖြေရှင်းနေစဉ် ယင်းကဲ့သို့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။

ဒေါ်သန်းသန်းမြင့်မှာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ငါးနှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှ စတင်၍ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်ဟု သိရသည်။