သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ်ထက်တွင် ရှိနေကာ ကယ်ဆယ်ရေးစခန်းများ ရုပ်သိမ်းနိုင်ခြင်းမရှိသေး

သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ်ထက်တွင် ရှိနေကာ ကယ်ဆယ်ရေးစခန်းများ ရုပ်သိမ်းနိုင်ခြင်းမရှိသေး
Published 11 September 2018

ဘားအံမြို့အမှတ် ၅ ရပ်ကွက်အတွင်း သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေသည်ကို တွေ့ရစဉ်

စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီတိုင်း ထွာချက်အရ သံလွင်မြစ်ရေချိန်မှာ ၎င်း၏ စိုးရိမ်ရေမှတ်အထက် ၈၅၂ စင်တီမီတာတွင် ရှိနေပြီး မြစ်ရေကျဆင်းသော်လည်း ကယ်ဆယ်ရေးစခန်းများ ရုပ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“အခုမြစ်ရေက စတုတ္ထအကြိမ် ပြန်လည်ကျဆင်းနေတာဖြစ်တယ်။ လောလောဆယ် မြစ်ရေက တက်လိုက်ကျလိုက် အနေအထားရှိတော့ မြစ်ရေအခြေအနေကို စောင့်ကြည့်နေပါတယ်။ မြစ်ရေကျတယ်ဆိုပေမဲ့ လုံးလုံးကြီး ကျသွားတာ မဟုတ်တော့ နေအိမ်တွေ မပေါ်သေးသလို လမ်းတွေလည်း ရေမြုပ်တုန်းဆိုတော့ ကယ်ဆယ်ရေးစခန်းတွေ ရုပ်သိမ်းလို့မဖြစ်သေးဘူးလေ။ မြစ်ရေက ပြန်လည်မတက်နိုင်ဘူး။ တစ်ထစ်ချပြောလို့မရဘူး။ တော်သလင်းလပြည့်ရေ ကျန်သေးတယ်။ မြစ်အထက်ပိုင်း မိုးကောင်းလာရင် ရေက တက်လာနိုင်သေးတယ်” ဟု ဘားအံမြို့ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် မြန်မာနိုင်ငံ မြစ်ရေကြီးမှုကာလဖြစ်သည့် ဇူလိုင် ၂၁ ရက်မှစတင်၍ မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ရေကြီးကာလနှစ်လနီပါးရှိကာ မြစ်ရေမှာ တက်လိုက်၊ ဆုတ်လိုက် အနေအထား ဖြစ်ပေါ်လျက်ရှိပြီး ရေကြီးရေလွှမ်းမိုးမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

မြစ်ရေကြီးမှုကာလအတွင်း ကရင်ပြည်နယ်၌ သံတောင်ကြီးဒေသမှလွဲ၍ မြို့နယ်ခြောက်မြို့နယ်လုံး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရေးစခန်း ၅၀ ကျော် ဖွင့်လှစ်ခဲ့ရပြီး လူဦးရေ စုစုပေါင်း ၅၀၀၀၀ နီးပါး ရေဘေးခိုလှုံခဲ့ရကာ ထပ်မံ၍ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းများကို တိုးမြှင့် ဖွင့်လှစ်မှုရှိကြောင်း သိရသည်။

“ရေက တောက်လျှောက်ကျဆင်းဖို့ အရေးကြီးတယ်။ လူတွေအားလုံး အလုပ်ပျက် အကိုင်ပျက် စိတ်ဆင်းရဲရသလို ရေပြန်လည် ကျဆင်းပြီးရင် ထူထောင်ဖို့ကိစ္စကလည်း အတော်လေး ခေါင်းစားပါတယ်။ ရေတိုက်စားမှုကြောင့် နေအိမ်တွေလည်း ရစရာမရှိအောင် ပျက်စီးနေပါပြီ။ တစ်နေ့လုပ် တစ်နေ့စားသူဆိုတော့ စားရေးသောက်ရေးအတွက် အကြွေးအများကြီးတင်ခဲ့တယ်။ ကိုယ်မှမဟုတ်ဘူး။ လူတွေအားလုံး ဒုက္ခရောက်ကြရတာပါ။ နောက်နှစ်တွေမှာ ဒီလိုအဖြစ်မျိုး မဖြစ်ဖို့ ဆုတောင်းရတော့မှာ ဖြစ်ပါတယ်” ဟု ဘာအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှ အသက် ၅၀ ကျော် ရေဘေးဒုက္ခရောက်သူတစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေ ပြန်လည်ကျဆင်းစပြုနေသော်လည်း ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၅ ခု၌ ရေဘေးသင့်သူအိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား၊ မစုစုပေါင်း ၈၅၂၃ ဦးမှာ ရေဘေးခိုလှုံလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent