နေပြည်တော်တွင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန်နှင့် တောင်သူများအား တရားစွဲဆိုထားသည့် စည်ပင်တာဝန်ရှိသူအား အရေးယူပေးရန် ဆန္ဒထုတ်ဖော်

နေပြည်တော်တွင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန်နှင့် တောင်သူများအား တရားစွဲဆိုထားသည့် စည်ပင်တာဝန်ရှိသူအား အရေးယူပေးရန် ဆန္ဒထုတ်ဖော်
Published 3 September 2018

မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန်နှင့် စည်ပင်တာဝန်ရှိသူအား အရေးယူပေးရန် ဆန္ဒထုတ်ဖော်စဉ်

နေပြည်တော်တည်ဆောက်ရေး စီမံကိန်းအတွင်း သိမ်းဆည်းခဲ့သည့် မြေယာများမှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် မြေယာများအား မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် နှင့် ဒေသခံတောင်သူများအား တရားစွဲဆိုထားသည့် ဇမ္ဗူသီရီမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

နေပြည်တော်တည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသည့် ဇမ္ဗူသီရိမြို့နယ်မှ တောင်သူများက စက်တင်ဘာ ၂  ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံ့သာဘောလုံးကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံထားရသည့် တောင်သူများ၏ နစ်နာချက်များ၊ အစိုးရ၏ လယ်ယာမြေမူဝါဒ လမ်းညွှန်ချက်များနှင့် တရားစွဲဆိုခံနေရသည့် တောင်သူများ၏ အခက်အခဲများ၊ တောင်သူများအား တရားစွဲဆိုထားသည့် ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် စသည့်အကြောင်းအရာများအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကာလမှာ ဇမ္ဗူသီရိ မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေရဲ့ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေတွေကို သိမ်းဆည်းခဲ့ပြီးတော့ ဒီကနေ့အချိန်အထိ ဘာစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိတဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို အစိုးရက အမြန်ဆုံး ပြန်လည်စွန့်လွှတ်ပေးဖို့နဲ့ အဲဒီလယ်ယာမြေတွေနဲ့ပတ်သက်လို့ ဒေသခံတောင်သူတွေကို တရားစွဲဆိုမှုတွေ ရှိလာတဲ့အတွက် ဒီကနေ့ လာရောက်ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာ တွင် ပါဝင်ခဲ့သည့် ဇမ္ဗူသီရီမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။

သိမ်းဆည်းခံထားရသည့် မြေယာများအား အစိုးရက ပြန်လည်စွန့်လွှတ်ပြီး မူလတောင်သူများထံ ပြန်လည်ပေးအပ်ရေးနှင့် လယ်ယာမြေများနှင့်ပတ်သက်၍ တရားစွဲဆိုခံရမှုများအား ရပ်ဆိုင်းပေးရန်အတွက် အစိုးရတာဝန်ရှိများထံ အသနားခံစာများ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကစပြီး သိမ်းဆည်းခံ လယ်ယာမြေများနဲ့ ပတ်သက်လို့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံး လွှတ်တော်ကိုယ်စားလှယ်များနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများက ပါဝင်ပြီးတော့ အသုံးမပြုတဲ့ သိမ်းဆည်းမြေများနဲ့ပတ်သက်လို့ ပြန်လည်စိစစ်ပြီးတော့ ဒေသခံတောင်သူတွေကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့ မြန်မာ့အသံ ရုပ်မြင်သံကြားတွေမှာ မှာကြားခဲ့ပါတယ်။ အဲဒါကို လက်ရှိတာဝန်ရှိသူတွေက မျက်ကွယ်ပြုနေတဲ့အပြင် တရားစွဲဆိုခြင်းကို ကျွန်တော်ကိုယ်တိုင် ခံနေရပါတယ်” ဟု ဇမ္ဗူသီရိမြို့နယ်မှ တောင်သူ ဦးအောင်မြင့်က ပြောကြားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက ဒေသခံတောင်သူများအား တရားစွဲဆိုမှုများ လုပ်ဆောင်နေခြင်းအား အမြန်ဆုံးရပ်ဆိုင်းပေးရန်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့် မြေယာများအား မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန်၊ မှန်ကန်မျှတမှု မရှိဘဲ ဒေသခံတောင်သူများကို တရားစွဲဆိုသော ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဆန္ဒထုတ်ဖော်သည့် တောင်သူများက တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent