မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့က ရေဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် ကူညီထောက်ပံ့မည်

မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့က ရေဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် ကူညီထောက်ပံ့မည်
Published 23 August 2018

မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ရေဘေးသင့်ပြည်သူများအတွက် ငြိမ်းချမ်းရေးကော်မရှင် မှတစ်ဆင့် ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး FPNCC ၏ အလှူငွေများကို ယနေ့ (သြဂုတ် ၂၃) တွင် ငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းသွားမည်ဟု ‘ဝ’ အဖွဲ့ (UWSA) လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီ ရန်းက ပြောကြားသည်။

‘‘အလှူငွေ ပမာဏကတော့ ကျွန်တော်တို့ မနက်ဖြန် (သြဂုတ် ၂၃ ရက်) ဆိုရင် သိရပါပြီ။ ဒီအလှူငွေ လှူဒါန်းပွဲကိုတော့ ရန်ကုန်မှာ လုပ်မှာပါ။ ဒီခရီးစဉ်မှာတော့ လူကြီးတွေ ပါမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ FPNCC ဆက်ဆံရေးအရာရှိတချို့ပဲ လာမှာပါ’’ဟု ဦးညီရန်းက ပြောကြားသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အတွင်းရေးမှူးအဖွဲ့က FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ပြည်သူများအား ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးရန် သြဂုတ် ၃ ရက်တွင် အဖွဲ့ဝင် အဖွဲ့အစည်းများထံ စာပေးပို့ တိုက်တွန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စသည့် ရေဘေးသင့်ဒေသများရှိ ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် FPNCC အတွင်းရေးမှူးအဖွဲ့က တိုက်တွန်းခဲ့ခြင်းလည်း ဖြစ်သည်။

‘‘ဒီငွေတွေက FPNCC အဖွဲ့ဝင်အားလုံးရဲ့ လှူဒါန်းငွေတွေပါ။ ငြိမ်းချမ်းရေးကော်မရှင် ကနေတစ်ဆင့် ရေဘေးသင့် ပြည်သူတွေဆီကို အမြန်ဆုံး ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာပါ’’ဟု ဦးညီရန်းက ပြောကြားသည်။

တတိယအကြိမ် (၂၁) ရာစုပင်လုံညီလာခံအပြီး အစိုးရ၊တပ်မတော်နှင့် FPNCC တို့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ရန်အတွက် ယုံကြည်မှုများ တည်ဆောက်နေသည့် အရေးကြီးသည့် အချိန်ကာ လ ဖြစ်သောကြောင့် အဖွဲ့ဝင်များအနေဖြင့် အစိုးရနှင့်တပ်မတော်အပေါ် ထားရှိသော သဘောထားကွဲလွဲမှုများနှင့် ရန်ငြိုးများကို ခေတ္တဘေးဖယ်ထားပြီး သဘာဝဘေးအန္တရာယ်ဖြစ်သည့်အလျောက် မျိုးချစ်စိတ်များ မွေးထုတ်ရန် FPNCC အတွင်းရေးမှူးအဖွဲ့က သြဂုတ် ၃ ရက်က ပေးပို့သည့်စာတွင် တိုက် တွန်းထားသည်။

ထို့ကြောင့် FPNCC အတွင်းရေးမှူးအဖွဲ့က မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများကို ကူညီပံ့ပိုးရန် လိုအပ်သည်ဟု သုံးသပ်၍ FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီ၏ လှူဒါန်းမည့် ငွေပမာဏနှင့် FPNCC သို့မဟုတ် အဖွဲ့တစ်ဖွဲ့ချင်းစီအမည်ဖြင့် လှူဒါန်းမည့်အပေါ် သဘောထားတောင်းခံခဲ့ရာ FPNCC အမည်ဖြင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ငြိမ်းချမ်းရေးကော်မရှင်ဘက်ကမူ ယခု အလှူငွေလှူဒါန်းမှုသည် ‘ဝ’ အဖွဲ့(UWSA) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ လှူဒါန်းမှုဖြစ်ပြီး အဆိုပါအလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ (သြဂုတ် ၂၃ ရက်) နံနက် ၁၀ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။

Most Read

Most Recent