စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မိုင်းချောင်းအုပ်စုနှင့် ပါဟဲအုပ်စုတို့တွင် သစ်ခိုးထုတ်မှုများကို ပိုမိုအတင့်ရဲစွာ လုပ်ဆောင်လာကြပြီး တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်နေကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မိုင်းချောင်းအုပ်စုနှင့် ပါဟဲအုပ်စုတို့တွင် သစ်ခိုးထုတ်မှုများကို ပိုမိုအတင့်ရဲစွာ လုပ်ဆောင်လာကြပြီး တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်နေကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 14 July 2018

ဖောင်းပြင်မြို့နယ် မိုင်းချောင်းအုပ်စုနှင့် ပါဟဲအုပ်စုတွင် သစ်ခိုးထုတ်နေကြသည်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လဆန်းက တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မိုင်းချောင်းအုပ်စုနှင့် ပါဟဲအုပ်စုတို့တွင် သစ်ခိုးထုတ်မှုများကို ပိုမိုအတင့်ရဲစွာ ဆောင်ရွက်လာကြပြီး ထိုဒေသတွင် တာဝန်ကျနေသော သက်ဆိုင်ရာအချို့ ပါဝင်ပတ်သက်နေကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ပြောကြားသည်။

ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ်အကြား မဟာမြိုင်တောနှင့်ဆက်စပ်နေသော ဒေသများဖြစ်သည့် မိုင်းချောင်းအုပ်စုနှင့် ပါဟဲအုပ်စုဒေသတို့တွင် သစ်ခိုးထုတ်မှုများကို ဒေသခံရွာသားများကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးနေရကြောင်းနှင့် သစ်ခိုးထုတ်မှုများတွင် ဌာနဆိုင်ရာအချို့  ပါဝင်ပတ်သက်မှုရှိနေသည်ကို သိသော်လည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမှုများစွာ ရှိနေကြောင်း ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ပြောကြားသည်။

“ဒီကိစ္စမှာ နည်းနည်း ပါဝင်ပတ်သက်သူတွေ ရှိနေတာပေါ့လေ။ ပါဝင်ပတ်သက်သူတွေ ရှိနေတော့ ပြောဖို့ကတော့ နည်းနည်းတော့ ခက်ပါတယ်။ သက်ဆိုင်ရာတချို့လည်း ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာ သိပါတယ် ကြားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာကျတော့ သစ်မှောင်ခိုကုန်သည်ကို ဖမ်းမိဖို့ဆိုတာလည်း မလွယ်ဘူး။ ပါဝင်ပတ်သက်နေတဲ့ ဌာနဆိုင်ရာတွေ သက်ဆိုင်ရာတွေကို လက်တွေ့ ဖမ်းမိဖို့ဆိုတာလည်း မလွယ်ဘူး။ ဖမ်းမိတဲ့ဟာတွေကလည်း  Driver က ထွက်ပြေးတယ်။ ပိုင်ရှင်မဲ့တွေဖြစ်ကုန်တယ်။ အရင် ၁၀ ဘီးကားကြီးဖမ်းမိတုန်းကဆိုရင်  Driver က ထွက်ပြေးသွားတယ်။ ဒါပေမဲ့ ဖမ်းလိုက်ပြီးမှ ထွေအုပ်နဲ့ ရဲကိုအကြောင်းကြားတယ်။ အဲဒီအချိန် ကွန်တော်တို့ လိုက်သွားကြတယ်။ လိုက်သွားတဲ့အခါ ဘယ်လိုဖြစ်သလဲတော့ မသိပါဘူး။ ဖမ်းတာ ဟိုက တာဝန်ရှိတဲ့ ရဲတို့ သစ်တောတို့က မပါဘူး။ ရွာသားတွေ ဖမ်းထားပြီးမှ လိုက်ရတာပေါ့။ အဲဒီအခါကျတော့ ီDriver က ထွက်ပြေးသွားတယ်။ ကားတွေ သစ်တွေကကျန်ခဲ့တယ်။ အဲဒီလိုဖြစ်နေတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲလေးတွေ ရှိတာပေါ့” ဟု ဦးထွန်းဝေက ပြောကြားသည်။

သစ်မှောင်ခိုခိုးထုတ်နေမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် စီမံချက် ရေးဆွဲထားခြင်းမရှိသော်လည်း သတင်းပေး တိုင်ကြားသူများမွေးထားကြောင်းနှင့် သတင်း ရလျှင်ရသလို လိုက်လံဖမ်းဆီးနေကြောင်း ဦးထွန်းဝေက ဆက်လက်ပြောကြားသည်။

“တိတိကျကျ စီမံချက်ကြီးဆွဲထားတာ မရှိပေမယ့် ကျွန်တော်တို့ကတော့ သတင်းရရင် ရသလို လိုက်နေတာပါပဲ။ အဲဒီဘက်က ဒေသခံတွေကို Informer တွေလည်း မွေးထားပါတယ်။ မိုင်းချောင်းမှာလည်း ရဲစခန်း တစ်ခုရှိတယ်။ မိုင်းချောင်းကတော့ ဖောင်းပြင်နဲ့ အလှမ်းဝေးတာပေါ့။ ဆိုတော့ ကျွန်တော်တို့က Informer တွေ၊ သတင်းပေးနိုင်တဲ့ အရပ်သားတွေထားပြီး သူတို့သတင်းပေးတာနဲ့ ကျွန်တော်တို့ဆီက သွားနိုင်အောင် စီစဉ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင် ၂၀၁၈ ဇန်နဝါရီမှာ မှတ်မှတ်ရရ လိုက်ဖူးပါတယ်။ နောက်လည်း တစ်ခေါက်လိုက်ဖူးတယ်။ ရက်တော့ မမှတ်မိတော့ဘူး။ တချို့ရွာတွေဆိုလည်း ကျွန်တော်တို့ပြောပြထားလို့ ရွာသား တွေကိုယ်တိုင်ဖမ်းဆီးပြီး ကုန်ကားကြီးတစ်စီး ဖမ်းဆီးမိခဲ့ဖူးပါတယ်။ ပြီးတော့ တောနင်းပြီး ရှာတဲ့အခါတွေ လည်း ရှိပါတယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့က ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သတင်းရရင် ရသလို ဝင်ပြီးမှ တောနင်းပြီးမှ နယ်မြေစိုးမိုးရေးကို အကြောင်းပြပြီး ရှာတာတွေလည်း ရှိပါတယ်။ အဲဒီအခါတွေမှာလည်း တွေ့ပါတယ်။ အခက်အခဲတစ်ခုက ဘာလဲဆိုတော့ တောထဲမှာ သစ်လုံးတွေ သစ်တုံးတွေ ပုံထား တာတွေ့တဲ့အခါ သယ်ယူဖို့၊ သိမ်းဆည်းဖို့ လည်း အခက်အခဲရှိတာပေါ့။ မိုင်းချောင်းဆိုရင် ဖောင်းပြင်ကနေ မိုင် ၃၀ ကျော် ၄၀ နီး ပါးသွားရတယ်။ မိုင်းချောင်းကနေ ဟိုထဲကို ပြန်ဝင်ရင်လည်း မိုင် ၃၀-၄၀ လောက် ထပ် သွားရတယ်။ လမ်းကလည်းမကောင်းဘူး။ ကြမ်းတမ်းတယ်။ ဆိုတော့ အလွယ်တကူနဲ့ သူတို့ကို ဝင်ဖမ်းမိဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အဲဒီကနေထွက်ရင် ဗျူဟာလမ်းမကြီးကို ထွက်လာရတာဆိုတော့ လမ်းမကြီးမှာ တစ်နေရာမဟုတ် တစ်နေရာတော့ မိတဲ့အခါတွေလည်း ရှိပါတယ်။ တစ်ခါတလေကျတော့လည်း သတင်းပေးဘက်က

လည်း တိတိကျကျမပေးနိုင်ရင် ဖမ်းဆီးရ ခက်ခဲပါတယ်။ တစ်ခါကဆို ဖောင်းပြင်နဲ့ မိုင် ၄၀ လောက်ဝေးတဲ့ တံငါဆိုတဲ့ မြစ်ကမ်းဘေးရွာမှာ တမလန်းတွေတင်နေကြတယ်ဆိုပြီး ကျွန်တော့်ကိုအကြောင်းကြားတယ်။ အဲဒီအ ချိန်မှာ ကျွန်တော်က နေပြည်တော်မှာရှိနေတယ်။ ကောင်းပြီ။ ဒါဆိုရင် ဘယ်မော်တော်ပေါ်တင်နေသလဲ။ အဲဒီမှာ ကုန်အမြန်ယာဉ်တွေ ရှိတယ်။ အဲဒီအမြန်ယာဉ်ရဲ့ နာမည်ကို ပြောပါ။ ကုန်အမြန်ယာဉ်ရဲ့လိုင်စင်နံပါတ်ကိုပြောပါ။ အဲဒီလိုဆိုရင် ဖောင်းပြင်နယ်မှာ မမိဘူးဆိုရင် မော်လိုက်နယ်၊ ကလေးဝနယ်၊ မင်းကင်းနယ်၊ ကနီနယ်၊ မုံရွာနယ် စသဖြင့် မြစ်ကြောင်းတစ်လျှောက်မှာ ဖမ်းလို့ရတဲ့ အဖွဲ့ အစည်းတွေရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က မော်တော်နာမည်နဲ့ နံပါတ်ကလေးကို သွားလို့ မကြည့်ရဲတဲ့အနေအထားလည်းရှိနေတယ်။ အဲဒီလိုကျတော့လည်း ဖမ်းဆီးရတာ ခက်ခဲတာမျိုး ရှိတယ်” ဟု ဦးထွန်းဝေက ပြောကြား သည်။

ထိုဒေသများတွင် သစ်ခိုးထုတ်နေမှုများ  တစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်းနှင့် အဖိုးတန်သစ်များဖြစ်သည့် တမလန်းသစ်အမျိုးအစားကို အများဆုံးထုတ်ယူနေကြကြောင်း ဖောင်းပြင်မြို့နယ်ဒေသခံတစ်ဦးက ပြောကြားသည်။

“ကြာပြီ။ တစ်နှစ်လောက်ရှိပြီ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်လုပ်နေကြတာပေါ့။ ဒါပေမဲ့ အဲဒီက ဝန်ထမ်းတချို့က သစ်မှောင်ခိုသမားတွေနဲ့ ပေါင်းနေကြတာလေ။ ဘယ်လိုမှ တားမရဆီးမရဖြစ်နေပြီ။ ကျွန်တော်တို့ဒေသက သယံဇာတကို ကာကွယ်ချင်ပေမယ့်လည်း ဌာနဆိုင်ရာတွေက ဒီသစ်မှောင်ခိုကုန်သည်တွေနဲ့ပေါင်းပြီးလုပ်နေတာ ဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး။ ထွန်စက် အကြီးတွေနဲ့ တစ်ခါတည်းကော်တိုက်ပြီး လမ်း လည်းဖောက်ရင်း သစ်ကိုလည်းထုတ်ရင်း။ လမ်းမပေါက်တဲ့နေရာတွေဆိုလည်း လမ်းဖောက်ပြီး ထုတ်တာလေ။ မဟာမြိုင်လမ်းကောင်းတဲ့အချိန်ဆိုရင် အဲဒီလမ်းဘက်ကနေ ပင်လည်ဘူးဘက်ကိုလည်း ထွက်တယ်။ မော် လိုက်ဘက်ကိုလည်းထုတ်ကြတယ်။ အခုက မိုးကျသွားပြီ။ လမ်းမကောင်းတော့ဘူးဆိုတော့ ဖောင်းပြင်မြို့နယ်အဆုံး တံငါဆိုတဲ့ မြစ်ကမ်းဘေးရွာကို ထုတ်တယ်။ အဲဒီမြစ်ကမ်းဘေးကိုရောက်ရင် မော်တော်တွေနဲ့တင်ပြီးတော့ အောက်ကိုစုန်တယ်။ ထုတ်တာက ကြိုးဝိုင်းတောတွေထဲက ထုတ်တာပေါ့။ တမလန်းသစ်တွေ အများဆုံးပဲ။ တမလန်းသစ်ကိုမှ အနည်းဆုံး တစ်ပေပတ်လည်တုံးတွေ ၁၄ လက်မပတ်လည်တွေ၊ ခြောက်လက်မပတ် လည်တုံးတွေ ထုတ်ကြတာ”ဟု ဖောင်းပြင် မြို့နယ်ဒေသခံတစ်ဦးက ပြောကြားသည်။