ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လမ်းကမ်းပါးမှ မြေစာများ လယ်ကွင်းများသို့ ပြိုကျသဖြင့် စိုက်ပျိုးစ စပါးဧကများ ပျက်စီး

ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လမ်းကမ်းပါးမှ မြေစာများ လယ်ကွင်းများသို့ ပြိုကျသဖြင့် စိုက်ပျိုးစ စပါးဧကများ ပျက်စီး
Published 20 June 2018

မိုးသည်းထန်စွာရွာ၍ လမ်းကမ်းပါးမှ မြေစာများ ပြိုကျမှုကြောင့် လိုဘာခိုကျေးရွာ အုပ်စုတွင်းရှိ လယ်မြေအချို့ ရွှံ့ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာ အုပ်စုတွင်းရှိ လယ်မြေများမှာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လမ်းကမ်းပါးမှ မြေစာပုံများ လယ်ကွင်းများသို့ ပြိုကျသဖြင့် စိုက်ပျိုးစ စပါးဧက ၅၀၀ ခန့်ပျက်စီးနေသောကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေကြရကြောင်း သိရသည်။

“မထင်မှတ်ဘဲ ဒီလိုမျိုး မိုးကြီးမိုးများတော့ လယ်တွေမြုပ်တယ်။ စပါးတွေမြုပ်တယ်။ ပေါင်တွေကျိုးတယ်။ ဒါကြောင့်မို့ တချို့ဒီမနက်တော့ လယ်ပိုင်ရှင်တွေက ကျွန်တော့်ကို ဘယ်လိုလဲတဲ့။ ကျွန်တော့်လယ်ကိုလည်း လာကြည့်ပါဦးတဲ့။ နည်းနည်းပါးပါးလေး ထောက်ပံ့ကြေး ရမလား အယောက်တိုင်းပါပဲ နှစ်ယောက် သုံးယောက်လောက် ရှိပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဟုတ်တယ် လယ်က တော်တော်ပျက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘတ်ဂျက်လည်း ကုန်ခါနီးပြီး ပိုက်ဆံလည်း အရင်းအနှီးက သိပ်မရှိတော့ဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတော့ ကျွန်တော် နည်းနည်းအစည်းအဝေးခေါ်ပြီးမှ ဒီရက်ကို တိုင်ပင်ကြတာပေါ့နော်။ သူတို့ဝမ်းစာအတွက်ဆိုတော့ ရုန်းကန်ရမှာပဲ။ ဘယ်နေရာမှာ လုပ်အားရှိမလဲ ဆိုတော့ အဲဒီလိုမျိုး ဆန်ဝယ်စားဖို့ဆိုတော့ လိုက်လုပ်ရမှာပဲ” ဟု အွမ်းလောင်းချောင်း ထိမ်းသိမ်းရေး ကော်မတီဥက္ကဋ္ဌက ပြောဆိုသည်။

ပြီးခဲ့သည့်အပတ်မှ စတင်ရွာသွန်းနေသောမိုးသည် ဇွန် ၁၇ ရက်တွင် ရပ်စဲသွားသော်လည်း ဇွန် ၁၉ ရက်နေ့လည်တွင် တဖန်ပြန်လည် ရွာသွန်းနေပြီး လမ်းဖောက်ရာတွင် ပုံထားသောကမ်းပါးမှ မြေစာပုံများမှာ မိုးရေနှင့်အတူ လယ်ကွက်များသို့ စုပုံစီးဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

မိုးများ အဆက်မပြတ် ရွာသွန်းသဖြင့် ရွာပတ်လမ်းသွယ်လေးများနှင့် ကားလမ်းမပေါ်ရှိ ကမ်းပါးမှ မြေသားများမှာ လမ်းမပေါ်သို့ ပြိုကျသဖြင့် ခရီးသွားများ အခက်အခဲ ဖြစ်ပေါ်ရကြောင်း သိရသည်။

လယ်မြေများ ရွံ့မြေဖုံးလွှမ်းသည့် လိုဘာခိုကျေးရွာအုပ်စုသည် ဌာနေယန်းတိုင်းရင်းသား အများဆုံး နေထိုင်ကြပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြကာ စပါးကို ဝမ်းစာအတွက် အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

မြေစာပုံပြိုပါက လျော်ကြေးများ ပေးမည်ဟု ပြည်နယ်စိုက်ပျိုး မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးမှ ရွာသားများအား ကတိပေး ပြောကြားခဲ့ကြောင်း၊ ဇွန် ၁၄ ရက်မှ မြေစာပုံပြိုကျသဖြင့် လယ်များနစ်မြုပ် နေရာသို့ အစိုးရတာဝန်ရှိသူများမှ လာရောက်စစ်ဆေး ကြည့်ရှုကြသော်လည်း မည်သို့လုပ်ဆောင် ပေးမည်ကို မသိရသေးကြောင်း သိရသည်။