အလွန်အကြူးကြော်ငြာပြီး ကျော်စောသတင်းနှင့် တရားမဝင် ဆေးကုသသူ ရှိသည်ဟု သံသယရှိသော ပုဂ္ဂလိကဆေးခန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် စစ်ဆေးမည်

အလွန်အကြူးကြော်ငြာပြီး ကျော်စောသတင်းနှင့် တရားမဝင် ဆေးကုသသူ ရှိသည်ဟု သံသယရှိသော ပုဂ္ဂလိကဆေးခန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် စစ်ဆေးမည်
Published 27 May 2018

ပုဂ္ဂလိကဆေးခန်းအချို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင်စစ်ဆေးနေစဉ်

အလွန်အကြူးကြော်ငြာပြီး ကျော်စောသတင်းနှင့် တရားမဝင်ဆေးကုသသူ ရှိသည်ဟု သံသယရှိသော ပုဂ္ဂလိက ဆေးခန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကော်မတီက လတ်တလော ဆောင်ရွက်နေတာကတော့ လူမှုကွန်ရက်စာမျက်နှာမှာ ကျော်စောသတင်း ဖြစ်နေတဲ့ ဆေးခန်းတွေရှိပါတယ်။ လူထုကလည်း တိုင်ကြားတာရှိတယ်။ အဲဒါတွေကို ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်။ ကျန်နေတဲ့ဆေးခန်းတွေကို ဆက်စစ်မှာပါ။ ရန်ကုန်တိုင်းမှာက ဒီလိုဆေးခန်းတွေ အများအပြား ရှိနေတယ်။ ကနဦးကတော့ ကျော်စောသတင်း၊ အလွန်အကြူး ကြော်ငြာတဲ့ ဆေးခန်းနဲ့ တရားမဝင် ဆေးကုသနေသူတွေ ရှိတယ်လို့ သတင်းရတဲ့ ဆေးခန်းတွေကို ဦးစားပေးပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ ကျန်တာကတော့ ရှောင်တခင် မဟုတ်ဘဲနဲ့ ပုံမှန်စစ်နေတာတွေလည်း ရှိပါတယ်။ ဒီဆေးခန်းတွေနဲ့ ပတ်သက်လို့ လူထုအနေနဲ့လည်း တစ်စုံတစ်ရာ တိုင်ကြားလိုတာရှိရင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို သတင်းပေး တိုင်ကြားနိုင်ပါတယ်” ဟု ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ပုဂ္ဂလိက ဆေးကုခန်းများကို ပြီးခဲ့သည့် မတ်နှင့် ဧပြီလများအတွင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များ အတွင်းရှိ ပုဂ္ဂလိက ဆေးကုခန်း ခြောက်ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦး ဆေးခန်းတွင် တရားမဝင် ဆေးဝါးနှင့် ခွဲစိတ်ခန်းများ တွေ့ရှိခဲ့သည့် အတွက် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများဖြင့် အရေးယူထားပြီး The Sun ‘နေဝန်း’ ဆေးခန်းတွင်မူ တရားမဝင် ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုသနေသူ ရှိသည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေများဖြင့် အရေးယူထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးကုခန်းအချို့တွင် မြန်မာဆရာဝန်များ၏ အမည်ကို ခံယူပြီး ဆေးကုသခွင့် မရှိသော နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ တွေ့နေကြောင်း မေ ၁၇ ရက်က ကျင်းပခဲ့သည့် ‘ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ကိုယ်ပိုင်ဆေးကုဂေဟာများ တွေ့ဆုံပွဲ’ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက အထူးကုဆေးရုံ ၁၂ ရုံ၊ အထွေထွေ ရောဂါကုဆေးရုံ ၄၂ ရုံ၊ အထူးကုဆေးခန်း ၂၈၀၊ အထွေထွေ ရောဂါကုဆေးခန်း ၂၆၆၆ ခန်းရှိကြောင်း၊ ဆက်လက်၍ လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ဆောင်နေသည့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများအား ပုဂ္ဂလိက  ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကော်မတီအနေဖြင့် အဓိကအားဖြင့် တရားမဝင် နိုင်ငံခြားသား ဆေးကုသသူများ၊ တရားမဝင် ဆေးကုသခြင်း ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင် ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်း ရှိ မရှိ စသည်တို့ကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။