တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်တစ်စီးက ရပ်ထားသော ၂၂ ဘီးယာဉ်ကို နောက်မှဝင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ တပ်မတော်သားနှစ်ဦး သေဆုံး

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်တစ်စီးက ရပ်ထားသော ၂၂ ဘီးယာဉ်ကို နောက်မှဝင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ တပ်မတော်သားနှစ်ဦး သေဆုံး
Published 21 May 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မြို့သစ်နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင် မေ ၁၉ ရက် ညပိုင်းက လမ်းနံဘေးတွင် ရပ်ထားသော ၂၂ ဘီးတွဲကားအား တပ်မတော်သားနှစ်ဦး စီးလာသောဆိုင်ကယ်က နောက်မှဝင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ တပ်သားနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့သစ်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်လင်းက “ရှေ့ကရပ်ထားတဲ့တွဲကားကို နောက်ကနေ ဝုန်းဆိုပြီးတော့ ဝင်တိုက်တာပေါ့။ ဆိုင်ကယ်နဲ့ ၂၂ ဘီးကားရဲ့နောက် ဘယ်ဘက်ချောင်ကို တည့်တည့်ဝင်အောင်းတာ။ ဆိုင်ကယ်မောင်းတဲ့တပ်သားက မျက်နှာနဲ့တည့်တည့်ရိုက်ပြီး ပါးကွဲသွားတာ။ သေတာကတော့ အခင်းဖြစ်တဲ့နေရာမှာပဲသေတာ။ ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်စလုံးဆုံးသွားတာပေါ့။ အမှုဖွင့်တာကတော့ ဆိုင်ကယ်မောင်းတဲ့ တပ်သားဖိုးဖြူကို အမှုဖွင့်ထားပါတယ်။ သူတို့ကမှားတာဆိုတော့ သူတို့ကိုပဲဖွင့်ရတာလေ” ဟုပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၉ ရက် ည ၁၁ နာရီခန့်က မြို့သစ်နယ်မြေရဲစခန်းအပိုင် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၈၆ ယာဉ်မောင်း စောကလိုထူး (၂၈ နှစ်) မောင်းနှင်သည့် ဘိလပ်မြေအိတ်တင်သည့် ၂၂ ဘီး၊ နောက်တွဲယာဉ်ပါ အဖြူရောင်ယာဉ်အား လမ်းမအတိုင်း (မြောက်မှတောင်) ညာဘက်ယာဉ်ကြော၏ အပြင်လမ်း ၁၀ ပေအတွင်း ရှေ့နောက်မီးများဖွင့်ကာ ရပ်တန့်ထားစဉ် လားရာတူအတိုင်း မြောက်မှတောင်သို့ လကတ (၃၀၂၉) မှ တပ်သားဖိုးဖြူ (၂၄ နှစ်) (ဘ) ဦးစိုးမောင်းနှင်လာပြီး နောက်တွင် တပ်သားစိုးမင်းအောင် (၂၀ နှစ်) (ဘ) ဦးဝင်းနိုင်ဦး (အရပ်ဝတ်ဖြင့်) လိုက်ပါစီးနင်းလာသော ဖီကွန် ၁၁၀ အမျိုးအစား အနက်ရောင်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ၂၂ ဘီးတွဲကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာသူ တပ်သားနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပွားသည်။

Most Read

Most Recent