အမေရိကန်အခြေစိုက် နာမည်ကျော် Starbucks Coffee မြန်မာဈေးကွက်သို့ စတင် ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေ ၁၂ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ အတည်ပြုမိန့်ရရှိ

အမေရိကန်အခြေစိုက် နာမည်ကျော် Starbucks Coffee မြန်မာဈေးကွက်သို့ စတင် ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေ ၁၂ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ အတည်ပြုမိန့်ရရှိ
Published 13 May 2018

Photo: AFP

အမေရိကန်အခြေစိုက် နာမည်ကျော် Starbucks Coffee မြန်မာဈေးကွက်သို့ စတင် ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေ ၁၂ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် အတည်ပြုမိန့် ရရှိခဲ့ကြောင်း သိရသည်။

မေ ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (၆/၂၀၁၈) အစည်းအဝေးတွင် Starbucks ၏ ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ Coffee Concepts (Myanmar) Ltd မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းဖြစ်ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် Starbucks အစားအစာနှင့် အဖျော်ယမကာများ တည်ခင်းဧည့်ခံခြင်းနှင့် ရောင်းချခြင်း၊ Starbucks အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများ ရောင်းချခြင်း၊ Starbucks ဆိုင်များ လည်ပတ် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ Starbucks ရုံးကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်း အမှတ် (၁) ရပ်ကွက် အမှတ်(၂၂) Sule Square တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Coffee Concepts Ltd သည် ဟောင်ကောင်အခြေစိုက် လုပ်ငန်းတစ်ခု ဖြစ်ပြီး Starbucks ၏ မိတ်ဖက် ကုမ္ပဏီတစ်ခုဖြစ်ကာ Coffee Concepts (Myanmar) Ltd ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း စတင် တည်ထောင်ခဲ့သည်။

Starbucks CEO Howord Schultz (လက်ရှိ အမှုဆောင်ဥက္ကဋ္ဌ) က Starbucks ၏ ဈေးကွက်ချဲ့ထွင်မှု အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စဉ်းစားနေကြောင်း ၂၀၁၃ ခုနှစ် မေလတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့ပြီး ငါးနှစ်အကြာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့် ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက “လာမယ့် နှစ်အနည်းငယ်အတောအတွင်း မြန်မာဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု Starbucks ၏ ထိုင်းဈေးကွက်သို့ ဝင်ရောက်သည့် ၁၅ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာဈေးကွက်တွင် ၂၀၁၂ ခုနှစ်မှစ၍ CocaCola ၊ Pepsi ၊ KFC ၊ Pizza Hut စသည့် အမေရိကန် စားသောက်ကုန်များ ဈေးကွက်ဝင်ရောက်ခဲ့ပြီး ယခု Starbucks ထပ်မံ ဝင်ရောက်လာခြင်း ဖြစ်သည်။

Starbucks သည် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ဝန်းကျင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆိုင်ဖွင့်လှစ်ပြီးပါက အာဆီယံနိုင်ငံများတွင် Starbucks မရှိသည့်နိုင်ငံအဖြစ် လာအိုနိုင်ငံသာ ကျန်ရှိတော့မည် ဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းများအရ ၎င်းသည် အာဆီယံနိုင်ငံများဖြစ်သော ဖိလစ်ပိုင်တွင် ဆိုင် ၃၀၀၊ ထိုင်းတွင် ၂၆၄ ဆိုင်၊ အင်ဒိုနီးရှားတွင် ၂၄၉ ဆိုင်၊ မလေးရှားတွင် ဆိုင် ၂၂၀၊ စင်ကာပူတွင် ၁၂၅ ဆိုင်၊ ဗီယက်နမ် တွင် ၂၈ ဆိုင်၊ ကမ္ဘောဒီးယားတွင် ခုနစ်ဆိုင်၊ ဘရူနိုင်းတွင် လေးဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent