ရိုက်တာသတင်းထောက် နှစ်ဦးနှင့် ဒုရဲမှူးမိုးရန်နိုင်ကိစ္စ အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ စာပို့ထားကြောင်း လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ပြောကြား

ရိုက်တာသတင်းထောက် နှစ်ဦးနှင့် ဒုရဲမှူးမိုးရန်နိုင်ကိစ္စ အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ စာပို့ထားကြောင်း လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 24 April 2018

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ သတင်းထောက်များ၊ ဒုရဲမှူးတို့နှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်က သတင်းစာရှင်းလင်းစဉ်

ရိုက်တာသတင်းထောက် နှစ်ဦးနှင့် ဒုရဲမှူးမိုးရန်နိုင်ကိစ္စ အခြေခံ လူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ စာပေးပို့ထားပြီး မည်ကဲ့သို့ ထိန်းသိမ်းခံရသည်ဖြစ်စေ လူ့အခွင့်အရေးအရ ဆုံးရှုံးခံ၍ မရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဧပြီ ၂၃ ရက်တွင် မီဒီယာများကို ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  ဧပြီ ၂၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခြေခံ လူ့အခွင့်အရေးများတွင် မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ပေးရန်၊ ညဉ်းပန်းနှိပ်စက်ခြင်း မခံရရန်၊ လိုအပ်သည့်ဆေးဝါး ကုသခွင့်ပေးရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

“ဒုရဲမှူး မိုးရန်နိုင်နဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေကလည်း ကျွန်တော့်ကို မေးကြတာပေါ့။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေအရ ဆိုရင်တော့ တရားရုံးကို ရောက်နေတဲ့ ကိစ္စဆိုရင် ကော်မရှင် ဥပဒေပုဒ်မ ၃၇ အရ ကျွန်တော်တို့ ဝင်ရောက်စုံစမ်း စစ်ဆေးခွင့် မရှိတော့ဘူးဗျ။ အဲဒီတော့ ဘယ်လိုများလုပ်ရင် ကောင်းမလဲ ဆိုတဲ့ဟာကို အဓိကထားပြီး စဉ်းစားတာပါပဲ။ အဲဒီအချိန်မှာပဲ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီကနေ ကျွန်တော်တို့ဆီကို တိုင်စာလေးတစ်စောင်ပို့တာ အဲဒီတိုင်စာအရ ဒါဆိုရင် ဝင်ရောက်လို့ ရပြီပေါ့နော်။ ပြည်ထဲရေး ဝန်ကြီးဌာနကို ဒါလေးကို အခြေခံပြီး ပို့တာပေါ့။ ဥပဒေကြောင်းအရ အပြစ်ရှိလို့ပဲဖြစ်ဖြစ် သံသယရှိလို့ပဲဖြစ်ဖြစ် စွပ်စွဲထိန်းသိမ်း ခံထားရတဲ့သူ တစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ဆုံးရှုံးခံလို့ မရပါဘူး။ ဒါကြောင့် သူ့ကိုမိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့ တစ်ချက်၊ နောက်ပြီးတော့မှ သူ့ရဲ့အခြေခံ လူ့အခွင့်အရေးတွေ မဆုံးရှုံးစေဖို့၊ အခြေခံ လူ့အခွင့်အရေးဆိုတာ အစုံပါပါတယ်။ စတာတွေ မထိခိုက် မနစ်နာစေဖို့အတွက် လိုအပ်သလို ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပေးပို့ဖို့ ဆုံးဖြတ်ပါတယ်” ဟု ဦးယုလွင်အောင်က ပြောကြားသည်။

အခြေခံ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတစ်ဦးသည် မတရားဖမ်းဆီး ချုပ်နှောင်ခြင်း မခံရစေရန် ပြဋ္ဌာန်းထားကြောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ပါက လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရသည် ဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်ပြီးပါကလည်း မိသားစုနှင့် တွေ့ဆုံခွင့်ပေးရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများကို ချိုးဖောက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုကိစ္စတွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဟုတ်သည် မဟုတ်သည်ကို စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့လိုသော်လည်း ဥပဒေအရ တရားရုံးသို့ ရောက်နေသည့်အမှုကို စုံစမ်းစစ်ဆေးခွင့် ပေးမထားကြောင်း၊ ယင်းကြောင့် ယခုကိစ္စသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကျုံးဝင် မဝင် သေချာစွာ မစုံစမ်း မစစ်ဆေးဘဲ မပြောလိုကြောင်း၊ မှတ်ချက်ပေးဖို့ ခက်ကြောင်း၊ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု စသည့်ထွက်ဆိုမှုများကို တရားသူကြီးကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝင်ရောက်စွက်ဖက်ပါက တရားစီရင်ရေးကို အနှောင့်အယှက် ပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သတင်းထောက်နှစ်ဦး ကိစ္စနှင့် ယင်းကိစ္စနှင့်ဆက်စပ်သည့် ဒုရဲမှူးမိုးရန်နိုင် ကိစ္စများအပေါ် လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ ဒုရဲမှူး မိုးရန်နိုင်၏ မိသားစု လိုင်းခန်းမှ ဖယ်ရှားခြင်း ခံရသည့်ကိစ္စ၊ စိတ်ပိုင်းဆိုင်ရာတွင် မည်ကဲ့သို့ ထိခိုက်နစ်နာရခြင်းများ ရှိ မရှိ တို့ကိုသာ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“သူ့ရဲ့အမျိုးသမီးပေါ့။ သူ့ရဲ့ မိသားစုအနေနဲ့ ဘယ်လိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုရှိတယ် ဆိုတာကို ကျွန်တော်တို့က လေ့လာဖို့ အစီအစဉ်ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ဆက်ပြီး လုပ်သွားဖို့ ရှိပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ စောင့်ကြည့်နေပြီ ဆိုတာကို ပြည်ထဲရေးကို ကျွန်တော်တို့ အသိပေး လိုက်တာပါပဲ။ ဒုရဲမှူးမိုးရန်နိုင် အပါအဝင် သူ့ရဲ့မိသားစုကို သူတို့ရဲ့မိသားစု အခြေခံ လူ့အခွင့်အရေးကို မထိခိုက်စေဖို့ လုပ်ပေးပါလို့ မေတ္တာရပ်ခံတာပါ။ ဒီအပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ လေးလေးစားစား လုပ်သွားမယ့် သဘောရှိပါတယ်။ ကျွန်တော်တို့ အသိပေးလိုက်ပြီ။ ကျွန်တော်တို့ စောင့်ကြည့်နေပြီဆိုတဲ့ အနေအထားမှာ သူတို့လည်း သတိထားပြီး လုပ်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးယုလွင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦး၏ ဧပြီ ၂၀ ရက်ရုံးချိန်းတွင် ၎င်းသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် တစ်ပါတည်း ထိန်းသိမ်းခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအနက် ဒုတိယရဲမှူး မိုးရန်နိုင်အား တရားလိုပြ သက်သေအဖြစ် စစ်မေးရာတွင် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်း ဟုတ်မှန်သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။

တရားလိုပြ သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်သည် လက်ရှိအချိန်တွင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ ခံထားရသူဖြစ်ပြီး ယင်းသို့ တရားရုံး၌ ထွက်ဆိုပြီးနောက် ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်း၏ဇနီးနှင့် မိသားစုအား နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရကြောင်း သိရသည်။