ခန္တီးမြို့နယ်အတွင်း ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မှီခိုအပ်နှံနေရဆဲဖြစ်ကြောင်း သိရ

ခန္တီးမြို့နယ်အတွင်း ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မှီခိုအပ်နှံနေရဆဲဖြစ်ကြောင်း သိရ
Published 1 April 2018

ခန္တီးမြို့နယ် ရွှေမြင့်မိုရ်ကျေးရွာ ဓမ္မသီရိဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်

ခန္တီးမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် မှီခိုအပ်နှံနေရဆဲဖြစ်ကြောင်း သိရသည်။

နေရာအတည်တကျ မရှိဘဲ မကြာခဏ ရွှေ့ပြောင်းနေရသော ရွှေ့ပြောင်းလုပ်သားများ၏ စားဝတ်နေရေးနှင့် အစိုးရစာသင်ကျောင်းများတွင် အပ်နှံရန် အခက်အခဲများကြောင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် မှီခိုအပ်နှံနေဆဲဖြစ်ကြောင်း ခန္တီးမြို့နယ် ရွှေမြင့်မိုရ်ကျေးရွာ ဓမ္မသီရိဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်ဦးဝိသဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

“ဒီဘက်ဒေသမှာတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တော်တော်လေး မှီခိုနေရတုန်းပါပဲ။ ခန္တီးဒေသမှာဆိုရင် ကျောက်လုပ်တယ်။ ရွှေတူးတယ် အဲဒီလို ရွှေ့ပြောင်းအလုပ်သမားတွေကများပြီး တစ်နေရာကနေ တစ်နေရာကို မကြာခဏ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေကြတဲ့လူတွေများတယ်။ ရွှေမြင့်မိုရ်ရွာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေစုပြီး နေထိုင်ရင်း မပြန်နိုင်တဲ့လူတွေ ပြောမယ်ဆိုရင် မှော်ကြာတွေပေါ့။ စုစည်းပြီး ရွာတည်ထားတာ။ သူတို့တွေရဲ့ သားသမီးတွေကို အမျိုးတွေဆီလည်းမပို့နိုင် အရပ်ဒေသလည်း မပြန်နိုင် အစိုးရစာသင်ကျောင်းမှာ ထားဖို့ကလည်း အခက်အခဲတွေရှိနေတော့ ဘုန်းတော်ကြီး သင်စာသင်ကျောင်းမှာ အပ်ကြရတယ်။ အဓိကကတော့ မိဘတွေရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် အစိုးရစာသင်ကျောင်းကိုရောက်ဖို့ ခဲယဉ်းတဲ့ ကလေးတွေ ရှိနေတယ်။ အဲဒီကလေးတွေကို ဦးဇင်းတို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တတ်နိုင်သလောက် အထောက်အပံ့ပေးပြီး ပညာသင်ကြားပေးပါတယ်၊ တချို့ကလေးတွေဆိုရင် ကျောင်းအိပ်ကျောင်းစား လာအပ်တာလည်း ရှိတယ်လေ။ တချို့တွေလည်း ဆန္ဒရှိရင် သင်္ကန်းဝတ်ပေးလိုက်တယ်။ ဒီလိုပြုလုပ်ခြင်းက ဘာသာသာသနာလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်တယ်လို့လည်း ဦးဇင်းယူဆတယ်” ဟု ဆရာတော်ဦးဝိသဋ္ဌက ပြောကြားသည်။

ခန္တီးမြို့နယ်အတွင်း ဘုန်းတော်ကြီးသင် စာသင်ကျောင်းရှစ်ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ဆရာတော် ဦးဝိသဋ္ဌက ပြောကြားသည်။

“ခန္တီးမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း တရားဝင် ရှစ်ကျောင်းရှိတယ်။ တရားမဝင်ကျောင်းက တစ်ကျောင်းရှိတယ်။ တရားဝင် ရှစ်ကျောင်းထဲမှာမှ မူလွန်နှစ်ကျောင်းရှိတယ်။ ဒီဘက်ဒေသက အစွန်အဖျားကျတယ်။ နာဂတောင်တန်းတွေဘက်ကလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ဆရာ ဆရာမတွေက ပြည်မကြီးတွေကလို သင်တန်းအတွေ့အကြုံလည်း မရှိကြဘူး။ သင်တန်းအတွေ့အကြုံတွေ မရှိတော့ သင်ကြားရေးပိုင်းသင်ကြားမှုနည်းစနစ်မှာ အားနည်းချက်တွေ ရှိတာပေါ့။ ဒါကြောင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ဆရာ၊ ဆရာမတွေ သင်ကြားမှုနည်းစနစ် ကောင်းမွန်အောင် အဆင့်မီအောင် ဦးဇင်းတို့ဘက်ကလည်း သင်တန်းတွေ တတ်နိုင်သမျှ ချိတ်ဆက်ပြီး တက်ခိုင်းရတယ်။ နောက်ပြီးကျောင်းသုံး စာအုပ်စာတမ်းနဲ့ ပတ်သက်ပြီးတော့ အခက်အခဲနည်းနည်းရှိတယ်။ ကျောင်းဖွင့်လို့ စာအုပ်တွေ စထုတ်တဲ့အချိန်မှာ ကျောင်းသားက မစုံနိုင်သေးဘူးလေ။ မစုံသေးတဲ့ အချိန်မှာ သွားထုတ်တော့ စာအုပ်လည်း ပြည့်စုံအောင်မရဘူးပေါ့” ဟု ဆရာတော်ဦးဝိသဋ္ဌက ပြောကြားသည်။

Most Read

Most Recent