၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ ရခိုင်ပြည်နယ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ကချင်ပြည်နယ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၃၅ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၅ ဒသမ ၀၀ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃ ဒသမ ၉၆ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃ ဒသ မ ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၅ ဒသမ ၃၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ဒသမ ၂၁ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၉၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၅ ဒသမ ၃၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈ ဒသမ ၆၈ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၅ ဒသမ ၀၉ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၅၉ ရာခိုင်နှုန်း၊ ပြည်ထောင်စုနယ်မြေတွင် ၁ ဒသမ ၁၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
အဓိကမြို့ကြီးသုံးမြို့၏ ဇန်နဝါရီလ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ရန်ကုန်မြို့ တွင် ၃ ဒသမ ၇၁ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၃ ဒသမ ၂၇ ရာခိုင်နှုန်းဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် ဇန်နဝါရီလ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့သည်။
ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်သည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အ ထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိ ယကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း၌ ဖော်ပြထားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပေါ်နိုင်သည်ဟု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ခန့်မှန်းထားသည်။