ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပရဟိတခွေးဂေဟာ တည်ထောင်ထားသူကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှု လာမည့်ရုံးချိန်းတွင် ကျန်ရှိတရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်

ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပရဟိတခွေးဂေဟာ တည်ထောင်ထားသူကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှု လာမည့်ရုံးချိန်းတွင် ကျန်ရှိတရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်
Published 7 February 2018

ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပရဟိတခွေးဂေဟာ တည်ထောင်ထားသည့် ဒေါ်မြတ်သက်မွန်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်ရုံးချိန်းတွင် ကျန်ရှိသည့်တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ပုဒ်မ ၆၆(ဃ)ကတော့ တရားလိုပြသက်သေတစ်ယောက်၊ နှစ်ယောက်ကျန်သေးတယ်။ ရုံးချိန်းကို ၁၆ ရက်နေ့ ချိန်းဆိုထားပါတယ်။ ဦးကစွဲထားတဲ့ပုဒ်မ ၅၀၀ ကတော့ သက်သေတွေအားလုံး စစ်ဆေးပြီးသွားပြီ။ စွဲချက်နဲ့ တရားစီရင်ဖို့ပဲ ကျန်တော့တယ်။ အမှုနှစ်ခုလုံးကို တစ်ပြိုင်တည်းချမယ်နဲ့တူပါတယ်။ ဦးရဲ့ပုဒ်မ ၅၀၀ ကတော့ ရုံးချိန်းပဲယူထားတယ်။ အမှုအခြေအနေက အဲဒီလောက်ပါပဲ” ဟု ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်။

ပရဟိတခွေးဂေဟာ တည်ထောင်ထားသည့် ဒေါ်မြတ်သက်မွန်ကို ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က အသရေဖျက်မှုပုဒ်မ ၅၀၀ တို့ဖြင့် တရားလိုပြုလုပ်၍ ရန်ကင်းမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်မြတ်သက်မွန်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေ ၃၁ ရက်ရုံးချိန်းတွင် ရန်ကင်းမြို့နယ်တရားသူကြီးက ဒေါ်မြတ်သက်မွန်အား ကျင့်ထုံးဥပဒေ ၄၉၇ (၁)အရ သိန်း ၃၀၀ တန်ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်မှ တရားစွဲဆိုခံရသည့် ပရဟိတခွေးဂေဟာ တည်ထောင်သူ ဒေါ်မြတ်သက်မွန်သည် လွန်ခဲ့သည့်ခုနစ်နှစ်ခန့်ကစ၍ မမြသက်မွန်ဟုခေါ်သည့် မိန်းကလေးငယ်ကို အိမ်အကူအဖြစ်ခေါ်ထားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် မြသက်မွန် (ခ) သက်သက်မှာ ပျောက်ဆုံးသွားသဖြင့် ရဲစခန်းသို့တိုင်တန်းခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယင်းနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်သီတာမောင်က စာထုတ်ဆင့်ခေါ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့ကြောင်း၊ ရုံးရောက်သောအခါ အိမ်အကူမိန်းကလေးငယ်ကို နှိပ်စက်ကြောင်း၊ ထမင်းမကျွေးကြောင်း၊ လခမပေးကြောင်း ၎င်းကိုပြောကြားကြသည်ဟု ဒေါ်မြတ်သက်မွန်ထံမှ သိရသည်။

ယင်းသို့ ရုံးခန်းတွင်ပြောဆိုခဲ့သော အကြောင်းအရာများကို ဒေါ်မြတ်သက်မွန်က ၎င်း၏ဖေ့ဘွတ်စ်စာမျက်နှာတွင် ရေးသားခဲ့သောကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပုဒ်မ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent