ပညာရေးဘတ်ဂျက်မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းကြောင့် ကျောင်းထုတ်ခံရသူများအရေး အစိုးရကဖြေရှင်းပေးခြင်းမရှိပါက လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု ဗကသများအဖွဲ့ချုပ် ပြောကြား

ပညာရေးဘတ်ဂျက်မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းကြောင့် ကျောင်းထုတ်ခံရသူများအရေး အစိုးရကဖြေရှင်းပေးခြင်းမရှိပါက လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု ဗကသများအဖွဲ့ချုပ် ပြောကြား
Published 7 February 2018

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ဇန်နဝါရီ ၂၃ ရက်က ဆန္ဒထုတ်ဖော်နေစဉ်

ပညာရေးဘတ်ဂျက် မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် ကျောင်းမှထုတ်ပယ်ခြင်းခံရသည့် ကျောင်းသားကျောင်းသူများအရေးကို အစိုးရအနေဖြင့် ဖြေရှင်းပေးခြင်းမရှိပါက လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီ ၆ ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒီရက်ပိုင်းမှာ လှုပ်ရှားမှုတွေ စတင်ဖို့ရှိပါတယ်။ အဓိကကတော့ ကျောင်းထုတ်ခံရတဲ့ကိစ္စကိုပါ။ ကျောင်းထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့်ရရှိရေးကို တောင်းဆိုမယ်။ နောက်တစ်ခုက ဒီမိုကရေစီပညာရေးတောင်းဆိုချက် ၁၁ ချက်ကို အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့တောင်းဆိုတဲ့ လှုပ်ရှားမှုတွေလုပ်သွားဖို့ရှိပါတယ်။ အခုလက်ရှိ ကျောင်းတွေမှာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကလည်း ဒီမိုကရေစီပညာရေးတောင်ဆိုချက်ကို အစိုးရအနေနဲ့ ဖြေရှင်းပေးခြင်းမရှိလို့ ပေါ်ပေါက်လာတာလို့ပဲမြင်တယ်။ အစိုးရအနေနဲ့ ကျောင်းသားတွေတောင်းဆိုချက်ကို မဖြေရှင်းပေးရင်တော့ ကျောင်းသားလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က ပြောကြားသည်။

ထို့အပြင် ကျောင်းသားလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန် စီစဉ်လျက်ရှိသော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၏ ဖိအားပေးခံရခြင်းများရှိနေကြောင်း ကိုကောင်းထက်ကျော်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ပန်းဖလက်ကမ်ပိန်းလုပ်ဖို့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ဆိုင်တွေမှာ သွားအပ်တော့ သူတို့ဘက်ကလက်မခံဘူး။ အဲဒါကြောင့် လှုပ်ရှားမှုတွေ စတင်ဖို့နောက်ကျနေတယ်။ ဆိုင်တွေမှာသွားအပ်တော့ သူတို့ကလက်မခံနိုင်ဘူး လုပ်ပေးလို့မရဘူး။ သက်ဆိုင်ရာခွင့်ပြုချက်ပါမှ လုပ်ပေးနိုင်မယ်လို့ပြောတယ်။ ဘယ်လိုခွင့်ပြုချက်မျိုးလဲလို့မေးတော့လည်း ရဲစခန်း ဒါမှမဟုတ် ကျောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လို့ပြောတယ်။ အဲဒီအခက်အခဲတွေ ကျွန်တော်တို့မှာ ရှိနေတယ်။ ဖိအားပေးမှုတွေရှိနေပါတယ်” ဟုပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှစတင်ကာ ၂၄ ရက်အထိ ပညာရေးဘတ်ဂျက်တိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားကျောင်းသူများကို ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်က ကျောင်းဝင်းအတွင်းမှ ခေါ်ဆောင်ခံရပြီး စုစုပေါင်း ကျောင်းသား ၇၂ ဦးရှိခဲ့သည်။ ၎င်းတို့ထဲမှ ၂၆ ဦးကို သက်ဆိုင်ရာကျောင်းများမှ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပယ်ပြီးဖြစ်ပြီး ယခုအချိန်ထိ ကျောင်းမှထုတ်ပယ်ခြင်းခံရသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၆ ဦးအထိရှိကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုရာတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းပေါင်း ၂၀ ကျော်ပါဝင်ခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၀ ကျော်ခန့်ရှိခဲ့သော်လည်း ကျောင်းဝင်းအတွင်းမှ ဖယ်ထုတ်ခံရသည့်နေ့တွင် ၇၂ ဦးရှိခဲ့ကြောင်း ပညာရေးအသုံးစရိတ်မြှင့်တင်ရေး တိုက်ပွဲကော်မတီမှ ပညာရေးအသုံးစရိတ် မြှင့်တင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျောင်းမှထုတ်ပယ်ခံရသည့် ကျောင်းသားများ ဂုဏ်သိက္ခာရှိစွာ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent