ပန်ဆယ်လိုအကောင့်ပိုင်ရှင်အား ထောက်ကြန့်မြို့တွင် ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရသော ဘုန်းကြီးကိစ္စ အပါအဝင် အချက်သုံးချက်ကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်း

ပန်ဆယ်လိုအကောင့်ပိုင်ရှင်အား ထောက်ကြန့်မြို့တွင် ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရသော ဘုန်းကြီးကိစ္စ အပါအဝင် အချက်သုံးချက်ကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်း
Published 17 December 2017

ပန်ဆယ်လို အကောင့်ပိုင်ရှင်အား  ထောက်ကြန့်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရိုက်နှက်ခံရသည့် ဘုန်းကြီးကိစ္စအပါအဝင် အချက်သုံးချက်ကြောင့် တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဦးမောင် မောင်တာက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရင်ကြည်စားသောက်ဆိုင်၌ ပန်ဆယ်လိုအား တရားစွဲဆိုရခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး လူမှုကွန်ရက် Facebook ပေါ်တွင် ရိုက်နှက်ခံရသော ဘုန်းကြီးကိစ္စနှင့် ပတ်သက်၍ ဘာသာ သာသနာ ညှိုးနွမ်းစေသည့် အသုံးအနှုန်းများကို ရေးသားပြောဆိုခဲ့ခြင်း၊ ဆရာတော် ဦးဝီရသူနှင့်ပတ်သက်၍ ရေးသားပြောဆိုမှုများအတွက် စိတ်ထိခိုက်ခံစားရခြင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆဲရေးတိုင်းထွားခြင်း အချက်သုံးချက်တို့ကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။

ပန်ဆယ်လိုအား တာမွေမြို့မရဲစခန်းတွင် တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သည့် ဦးမောင်မောင်တာက “အဓိကက အချက်သုံးချက်ကြောင့်ပါ။ ထောက်ကြန့်မှာဖြစ်တဲ့ ဆရာတော်ဖြစ်စဉ်မှာ သူပြောတာတွေက ဘာသာ သာသနာ ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေ ပါတယ်။ စွပ်စွဲချက်တွေပါတယ်။ အဲဒီအတွက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု မဖြစ်အောင် တရားစွဲတာပါ။ ဒုတိယအချက်က ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး ဆရာတော်ကို ပုတ်ခတ်ပြောဆိုတာတွေက တော်တော်လေးကို ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ရင်ထဲမှာ ခံစားရတယ်ပေါ့။ နောက်တစ်ချက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆဲရေးတိုင်းထွာတဲ့ အတွက်ပေါ့” ဟု ဆိုသည်။

ပန်ဆယ်လိုအား အငြိမ်းစားတပ်မတော်သားတစ်ဦးဖြစ်သည့် ဦးမောင်မောင်တာက ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။