သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းသုံး၍ SMS Disaster Alerts System ဖြင့် ကြိုတင်သတိပေးမည်

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းသုံး၍ SMS Disaster Alerts System ဖြင့် ကြိုတင်သတိပေးမည်
Published 31 July 2017

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းအသုံးပြု၍ SMS Disaster Alerts System ဖြင့် ကြိုတင်သတိပေးခြင်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းများ အသုံးပြု၍ စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ် (SMS DISASTER ALERTS SYSTEM) ဖြင့် ကြိုတင် သတိပေးခြင်း ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းကို ဒုဝန်ကြီး ဦးကျော်မျိုးက ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှု၊ မုန်တိုင်းသတိပေးချက်၊ လေပြင်းတိုက်ခတ်မည့် သတိပေးချက်၊ မိုးကြီးမည့် သတိပေးချက်၊ အချိန်အခါမဟုတ် မိုးရွာမည့် သတိပေးချက်နှင့် ထူးခြားမိုးလေဝသ အခြေအနေများစသည့် မိုးလေဝသဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များ၊ ကြိုတင်မခန့်မှန်းနိုင်သော မြေငလျင် လှုပ်ရှားမှုများအတွက် မြေငလျင်သတင်းများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် အကြိမ်တိုင်းတွင် ကြိုတင်သတိပေးချက်များကို မိုဘိုင်းဖုန်းသုံးစွဲသူများထံ SMS ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လမှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့် ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များကို ပြည်သူများထံ SMS ပေးပို့ရန် ဆက်သွယ်ရေးအော်ပရေတာများနှင့် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ရေဘေးများတွင် Pilot အနေဖြင့် မိုးလေဝသ အခြေအနေ သတိပေးချက်များကို SMS ဖြင့် ပေးပို့နိုင်ခဲ့ပြီး ဆက်လက်၍ အရေးကြီး Alerts များကို အခမဲ့ပေးပို့နိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သို့ဖြစ်ပါ၍ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် တင်ပြခဲ့တဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်နေတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသလို မိုဘိုင်းဖုန်းများ အသုံးပြု၍ SMS Disaster Alerts System ဖြင့် ကြိုတင်သတိပေးခြင်းများ ပိုမိုအဆင်ပြေစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ အနေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။