တောင်ငူမြို့၌ အမျိုးသားတစ်ဦးသေဆုံးပြီး ရက် ၅၀ ခန့်အကြာတွင် အလောင်းအား ပြန်လည်တူးဖော်စစ်ဆေးပြီးနောက် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ထားသောဖြစ်စဉ်တွင် ၎င်း၏ဇနီးဖြစ်သူအား မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးနေ

တောင်ငူမြို့၌ အမျိုးသားတစ်ဦးသေဆုံးပြီး ရက် ၅၀ ခန့်အကြာတွင် အလောင်းအား ပြန်လည်တူးဖော်စစ်ဆေးပြီးနောက် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ထားသောဖြစ်စဉ်တွင် ၎င်း၏ဇနီးဖြစ်သူအား မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးနေ
Published 11 October 2017

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံး၍ ဂူသွင်းသြင်္ဂိုဟ်ပြီးသည့် အလောင်းအား ရက်ပေါင်း ၅၀ ခန့်အကြာ၌ ပြန်လည်တူးဖော် စစ်ဆေးခဲ့ပြီးနောက် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသောဖြစ်စဉ်တွင် သေဆုံးသူအမျိုးသား၏ ဇနီးဖြစ်သူမှာ လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုဆိုကာ မသင်္ကာတရားခံအဖြစ် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ပြီးတော့ စစ်ဆေးဆောင်ရွက်တဲ့အခါမှာ အသတ်ခံရတဲ့ ကိုမျိုးမင်းဦးရဲ့ဇနီးဖြစ်တဲ့ မစောဆိုတဲ့အမျိုးသမီးကို မသင်္ကာတရားခံအနေနဲ့ ကျွန်တော်တို့ရဲစခန်းမှာ ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ နောက်ပြီးတော့ ဒီကိုမျိုးမင်းဦးကိုသတ်တုန်းက အသုံးပြုထားတဲ့ သက်သေခံပစ္စည်းတွေကိုလည်း သူ့ရဲ့အိမ်ခြံနောက်ဘက်မှာတွေ့လို့ ကျွန်တော်တို့ရဲစခန်းက သိမ်းဆည်းထားပြီးပါပြီ” ဟု တောင်ငူအမှတ် (၃) နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်စိုးဦးက ပြောကြားသည်။

တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ကိုမျိုးမင်းဦး ၂၇ နှစ် (ဘ) ဦးတင်ဦးသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက် နံနက် ၆ နာရီအချိန်ခန့်က ၎င်း၏အိမ်ရှေ့ ဈေးဆိုင်အတွင်း၌ မျက်နှာနှင့် နှုတ်ခမ်းတို့မှာ ပြာနှမ်းလျက် လည်ပင်းတွင် ညိုမည်းဒဏ်ရာများနှင့် မှောက်လျက်အနေအထားဖြင့် သေဆုံးနေခဲ့ကြောင်း၊ ထိုကဲ့သို့ သေဆုံးနေခြင်းမှာ သွေးရိုးသားရိုးသေဆုံးခြင်း မဟုတ်နိုင်ဟု မိခင်ဖြစ်သူ ဒေါ်မြကျင်က ယူဆခဲ့သော်လည်း မိသားစုဝင်များမှာ ပူပင်သောကရောက်နေသည်က တစ်ကြောင်း၊ ကျေးရွာ၏ သက်ဆိုင်ရာလူကြီးများကလည်း ဦးဆောင်ပေးခြင်းမရှိသဖြင့် သံသယစိတ်ဖြင့်သာ မိုးကောင်းကျေးရွာ သချုႋင်းတွင် သြင်္ဂိုဟ်ခဲ့ရကြောင်း၊ ကိုမျိုးမင်းဦးအား ဂူသွင်းသြင်္ဂိုဟ်ပြီးနောက်ပိုင်းတွင် ၎င်းသေဆုံးခြင်းအပေါ် ကျေးရွာသူ၊ ရွာသားများက အမျိုးမျိုးဝေဖန်ပြောကြားနေကြသော အသံများကြောင့် အဖြစ်မှန်စုံစမ်းဖော်ထုတ်ပေးပါရန် မိခင်ဖြစ်သူဒေါ်မြကျင်က အမှတ် (၃) နယ်မြေရဲစခန်းသို့ တိုင်ကြားလာခဲ့သောကြောင့် အလောင်းအား သြဂုတ် ၂၄ ရက်က တူးဖော်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းအား ခရိုင်မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးခိုင်၊ မြို့နယ်တရားသူကြီး ဦးလှိုင်မျိုးအောင်၊ မိုးကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမှတ် (၃) နယ်မြေရဲစခန်းမှရဲ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့တို့မှ တူးဖော်စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်၌ ခရိုင်မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးခိုင်ထံမှ ကိုမျိုးမင်းဦးသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း မဟုတ်ကြောင်း ဆေးစာထင်မြင်ချက် ပြန်ကြားလာခဲ့သဖြင့် ကိုမျိုးမင်းဦး သေဆုံးခြင်းမှာ တစ်ဦးတစ်ယောက်၏ ပယောဂကြောင့် သေဆုံးသည်ဟုဆိုကာ တောင်ငူမြို့အမှတ် (၃) နယ်မြေရဲစခန်းမှ ကနဦးအမှုဖွင့်ထားသည့် သေမှုသေခင်းပုဒ်မ ၅/ ၂၀၁၇ အား လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်ကာ ကိုမျိုးမင်းဦးအား အသက်သေဆုံးသည်အထိ ပြုလုပ်ခဲ့သူအား စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၁၅ ရက်ခန့်အကြာ၌ အသတ်ခံရသူကိုမျိုးမင်းဦး၏ ဇနီးဖြစ်သူ မစော (ခ) မစောစောမြင့် ၄၃ နှစ် (ဘ) ဦးသွယ်၊ ရွာသစ်ကျေးရွာ၊ တောင်ငူမြို့နေသူအား မသင်္ကာတရားခံအဖြစ် ကနဦးဖမ်းဆီးကာ (ပ) ၇၃၀/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။