ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ခမောင်းဆိပ်တောင်ရွာရှိ ဘုရားကျောင်းမှ ဘုရားကို ဖျက်ဆီးခဲ့ပြီး ဟိန္ဒူဘာသာဝင်များကို မကျေနပ်သည့်အတွက် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင်အချို့ ပြောကြား

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ခမောင်းဆိပ်တောင်ရွာရှိ ဘုရားကျောင်းမှ ဘုရားကို ဖျက်ဆီးခဲ့ပြီး ဟိန္ဒူဘာသာဝင်များကို မကျေနပ်သည့်အတွက် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင်အချို့ ပြောကြား
Published 9 October 2017

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ခမောင်းဆိပ်တောင်ရွာရှိ ဘုရားကျောင်းမှ ဘုရားကို ဖျက်ဆီးခဲ့ပြီး ဘုရားကျောင်း ဝေယျာဝစ္စပြုလုပ်သူ ဟိန္ဒူဘာသာဝင်များအား မကျေနပ်သည့်အတွက် တစ်ရွာလုံးကို သတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် အချို့က ပြောကြားသည်။

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် အထဲတွင် အဆိုပါ ခမောင်းဆိပ်တောင်ရွာ ဘုရားကျောင်းအား ဝေယျာဝစ္စ ပြုလုပ်သူ ဟိန္ဒူဘာသာဝင် ဦးလှထွန်း မိသားစုဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။

“ခမောင်းဆိပ်တောင်ရွာမှာ ဘုရားကျောင်း တစ်ကျောင်း ရှိပါတယ်။ အဲဒါက ဗုဒ္ဓဘုရားကျောင်းပါ။ ဟိန္ဒူဘုရားကျောင်း မဟုတ်ပါ။ ကျွန်တော် ၂၀၀၇ လောက်က ရောက်သွားတဲ့အခါ ကျွန်တော့်ယောက္ခမ မိသားစု ဟိန္ဒူဘာသာဝင်တွေ အကုန်လုံးက ဝိုင်းဝန်းပြီး အဲဒီဘုရားကျောင်းကို စောင့်ရှောက်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၀ နောက်ပိုင်းမှာ ဟိန္ဒူတစ်ရွာလုံးက ဘေးဖယ်သွားကြပြီးတော့ ကျွန်တော့်ယောက္ခမ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ဟိန္ဒူတွေ ဘာကြောင့် ဘေးဖယ်ခဲ့လဲဆိုတော့ ဘင်္ဂါလီတွေက ရိုက်တာ ပုတ်တာ ရှိတယ်။ ကျန်တဲ့ဟိန္ဒူတွေကို အဲဒီဗုဒ္ဓဘာသာကျောင်းကို သွားမစောင့်ရှောက်နဲ့၊ သွားမကိုးကွယ်နဲ့။ နင်တို့ ဗုဒ္ဓဘာသာဘက်ကို ဘာကြောင့် လိုက်တာလဲ။ ဗုဒ္ဓဘာသာကို ဘာကြောင့် လိုက်ရမလဲဆိုတဲ့ အဲဒီနာကြည်းမှုနဲ့ လုပ်တာ။ ကျွန်တော့်ရွာသားတွေ တော်တော်လည်း မရောက်ကြဘူး။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်ယောက္ခမ နှစ်အိမ်ကပဲ အဲဒီဘုရားကျောင်းကို ဦးဆောင်ပြီးတော့ စောင့်ရှောက်ခဲ့ပါတယ်” ဟု ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဘင်္ဂါလီများက ခမောင်းဆိပ်တောင်ရွာထိပ်ရှိ ဘုရားကျောင်းရှိ ဘုရားဆင်းတုတော်ကို ဖျက်ဆီးခဲ့ပြီး ကျောင်း၏ တံခါးများ၊ ခြံဝင်းများကို ဖျက်ဆီးပစ်ခဲ့ကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင်က ဓာတ်ပုံမှတ်တမ်းများပြကာ ရှင်းပြသည်။

ဘုရားကျောင်းအား သွားကြည့်ခဲ့သူ ဟိန္ဒူဘာသာဝင်က “ကျွန်တော်ဖြစ်စဉ် ဖြစ်ပြီးချိန်မှာ အလောင်းတွေ သွားရှာပြီး နှစ်ရက်မှာ စစ်ကြောင်းနဲ့ ကျွန်တော်တောင်ရွာထဲကို ဝင်ပါတယ်။ တောင်ရွာအစအဆုံးက ဘုရားကျောင်းကို တက်ကြည့်ပါတယ်။ အဲဒီလို ဘင်္ဂါလီတွေ ဖျက်ဆီးထားခဲ့တာ မြင်ခဲ့ပါတယ်။ နောက်ပြီးတော့ တံခါးတွေ ကျိုးပျက်နေတယ်။ ခြံစည်းရိုးတွေအကုန်လုံး အပေါက်တွေဖောက်ပြီး သူတို့သွားလာဖို့ လမ်းလုပ်ထားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဘုရားကျောင်းခြံထဲက ကျွန်တော့်နေအိမ်ကိုလည်း အကုန်လုံး ဖျက်ဆီးပစ်ပြီးတော့ ပစ္စည်းတွေ ဘာမှမကျန်ဘူး” ဟု ပြောကြားသည်။