မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုနှင့် တွေ့ဆုံခြင်း

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုနှင့် တွေ့ဆုံခြင်း
Published 9 September 2018

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို သစ်သီးတင်ပို့မှု အခြေအနေမှာ အိမ်နီးချင်း တရုတ်နိုင်ငံတစ်ခုထဲကိုပဲ အဓိကတင်ပို့နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်တစ်ခုထဲကိုပင် အားကိုးနေရတဲ့ မြန်မာနိုင်ငံရဲ့ သစ်သီးဈေးကွက်မှာ အရည်သွေးပိုင်း၊ သယ်ယူပို့ဆောင်ရေးအပိုင်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို တရုတ်နိုင်ငံဈေးကွက်တစ်ခုထဲ အားကိုးနေရချိန် အခက်အခဲများနဲ့ ရင်ဆိုင်နေအချိန်မှာပဲ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံအတွင်း အမည်ခံတွေနဲ့ ဖရဲကို တရားမဝင် လာရောက်စိုက်ပျိုးမှုတွေကလည်း ပြည်တွင်းသစ်သီး စိုက်ပျိုးသူများအတွက် နစ်နာမှုတွေ ရှိနေပါတယ်။ ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို အဓိကသစ်သီးတင်ပို့နေတဲ့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုအား မေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါတယ်။

နိုင်ငံသားကနေ နာမည်ခံလိုက်တယ်။ တကယ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်နေတယ်။ အဲဒါမျိုးတွေက ကျွန်တော်တို့ သစ်သီးမှာတင်မဟုတ်ပါဘူး။ အခြားကဏ္ဍတွေမှာ . . .

■မေး - လက်ရှိမူဆယ်နယ်စပ်ရဲ့သစ်သီးဝလံအ ရောင်းအဝယ်အခြေအနေကို ပြောပြပေးပါ။

■ဖြေ - လက်ရှိမူဆယ် ၁၀၅ မိုင်မှာ သစ်သီးတင်ပို့မှုနဲ့ ပတ်သက်ပြီး လည်ပတ်ပုံကတော့ အဓိကထားတင်ပို့တာကတော့ အများဆုံးက ဖရဲသီး၊ ပြီးရင်သခွားသီး ပြီးရင်သရက်သီးနောက်တော့ နာနတ်သီးတွေဘာတွေလည်း ရှိပါတယ်။ မြန်မာပြည်အနှံ့က ထွက်လာတဲ့ သီးနှံမျိုးစုံက အခုပြောတဲ့ လေးမျိုးထဲကပေါ့ဗျာ၊ ၁၀၅ မိုင်ကို ရောက်လာပြီဆိုတာနဲ့ ၁၀၅ မိုင်မှာရှိတဲ့ အရောင်းကွင်းမှာ ရောင်းပြီးတာနဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်ပြီးတာနဲ့ တရုတ်ဝမ်တိန်မှာရှိတဲ့ ကွင်းမှာလာပြီး သစ်သီးလှယ်ကြတာပေါ့။ ဒီဘက်မှာ ပစ္စည်းကိုလာချိန်းပြီးတော့ တရုတ်ပြည်အနှံ့အပြားကို ပြန်တင်ပို့ပါတယ်။

 

■မေး - တစ်ရက်ကို ပုံမှန်သစ်သီးတန်ချိန် ဘယ်လောက်လောက် တင်ပို့နေလဲဆရာ။

■ ဖြေ - ကျွန်တော်တို့ ဖရဲသီးဆိုရင်တစ်ရက်ကို တန်ချိန်ခန့်မှန်းခြေ လေးထောင်နဲ့လေး ထောင်အထက်မှာ တင်ပို့ရောင်းချနေတယ်။ သခွားမွှေးဆိုရင်တော့ တစ်ရက်ကိုတန်ချိန် တစ်ထောင့်ငါးရာလောက် တင်ပို့တယ်။ သရက်သီးဆိုရင်တော့ တစ်ရက်ကိုတန်ချိန် ပျှမ်းမျှငါး ရာပတ်ဝန်းကျင်လောက်ပါ။

 

■မေး  - မြန်မာပြည်ကနေပြီးတော့ တရုတ်ပြည်ကို အဓိကတင်ပို့နေတဲ့ သစ်သီးအမျိုးအစားက ဘယ်အမျိုးအစားတွေလဲ။

■ ဖြေ - အများဆုံးတင်ပို့တာက ကျွန်တော် ခုနကပြောသလို အများဆုံးကတော့ဖရဲသီး ဒုတိယက သခွားမွှေး၊ တတိယကတော့ သရက်သီးပေါ့။ ဒီနောက်ပိုင်းမှာ နာနတ်သီး လိုက်လာတယ်။ ထိုင်ဝမ်ဇီးသီးဆိုတာရှိတယ်။

 

■မေး  - ဈေးကွက်က တရုတ်တစ်ခုထဲလား။ တင်ပို့နေတဲ့ပမာဏက ရာခိုင်နှုန်းဘယ်လောက်လောက်ရှိလဲ။

■ဖြေ - ဖရဲသီးတို့ သခွားမွှေးတို့ကတော့ ကျွန်တော်တို့ ထွက်တဲ့ရာခိုင်နှုန်း ၉၀ အထက်က တရုတ်ပြည်တစ်ခုထဲကို တင်ပို့တာ။ သရက်သီးက ရာခိုင်နှုန်း ၉၀ လောက်လို့ ပြောလို့ရတယ်။ သရက်သီးကတော့ စင်ကာပူတို့ဘာတို့ တစ်ခြားနိုင်ငံတွေ အနည်းအကျဉ်း တင်ပို့တာရှိတဲ့အတွက် ဖရဲသီးနဲ့ သခွားမွှေးကတော့ အခုလက်ရှိတော့ အဓိက တရုတ်ပြည်တစ်နိုင်ငံထဲကိုပဲ တင်ပို့နေတာ။ တရုတ်ပြည်ကတစ်ဆင့် ကျန်တဲ့ဟောင်ကောင် မလေးရှားတို့ကို တင်ပို့တယ်လို့တော့ ကြားဖူးတယ်။ အဲဒါကတော့ ပမာဏမများပါဘူး။

 

■မေး  - ကုန်စည်ဒိုင်မှာဆိုရင် အဖွဲ့ဝင်ဖြစ်မှ ရောင်းဝယ်ခွင့်ရှိတယ်ပေါ့။ လောလောဆယ်မှာလည်း တရုတ်နိုင်ငံသားတွေကို အဖွဲ့ဝင် အဖြစ်ပေးထားတာရှိတယ်။ ဒီအခြေအနေက ပြည်တွင်းကုန်သည်တွေကြားမှာ ရောင်းဝယ်မှုပုံစံက ဘယ်လိုအခြေအနေတွေရှိလဲ။

■ ဖြေ - ကျွန်တော်တို့ နယ်စပ်မှာနေပြီး လုပ်ကိုင်စားသောက်ရတဲ့ အခါကျတော့ အဓိက ကျွန်တော်တို့ရဲ့ ကုန်သွယ်ဖက်က တရုတ်နိုင်ငံသားပဲ ဖြစ်နေတဲ့အခြေအနေရှိတာဆိုတော့ ကျွန်တော်တို့ရဲ့ ရေရှည်လုပ်ငန်းအရ လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြင်အနေအထားအရ တရုတ်ပြည်ပလုပ်ငန်းရှင်တွေကို ကျွန်တော်တို့ သစ်သီးကုန်စည်ဒိုင်မှာ အဖွဲ့ဝင်အဖြစ်ဝင်ပြီး ရောင်းချခွင့် ပြုထားတယ်ဆိုတာကသူက ဒီတရုတ်နိုင်ငံသား နာမည်နဲ့ဝင်ထားခြင်းမျိုး မရှိဘူး။ တရုတ်နိုင်ငံသားကနေ သူ့ပတ်သက်ရာ မြန်မာနိုင်ငံသားကနေပြီးတော့ အဖွဲ့ဝင်အဖြစ်ဝင်ပြီးတော့ လုပ်ငန်းလုပ်နေတဲ့ အနေထားရှိတယ်။

 

■မေး  - လက်ရှိမှာ တရုတ်ငွေယွမ်ဈေးက ဒေါ်လာဈေးနဲ့ ယှဉ်ရင်ဈေးကျနေတယ်။ တင်ပို့တဲ့အချိန်မှာ ဝင်ငွေကလျော့နိုင်တယ်။ ဒါကို သုံးသပ်ပေးပါဆရာ။

■ ဖြေ - ကျွန်တော်တို့ ရောင်းဝယ်မှုပုံစုံမှာ အဲလောက်အထိတော့ သွားပြီးရိုက်ခတ်ခြင်း၊ အဲဒီအပေါ်မှာ အာရုံရောက်ခြင်းတော့ သိပ်မရှိဘူး။ ဒီနေ့ရောင်းလိုက်တဲ့ ပစ္စည်းကို ဒီနေ့ ပေါက်ဈေးနဲ့ ငွေလဲကြတာပဲများတယ်။

 

■မေး  - အပြင်မှာလည်း တောင်သူတွေ ဈေးကောင်း မရတာနဲ့ပတ်သတ်ပြီးတော့ ပြောနေတာတွေရှိတယ်။ ဒီကိစ္စတွေကို ပြေလည်အောင် ဆရာတို့ ဘယ်လိုလုပ်ပေးနိုင်လဲ။

■ဖြေ - ကျွန်တော်တို့လည်း အမြဲတမ်းလည်း ပြောနေပါတယ်။ တရုတ်ပြည်ကို တင်ပို့ရောင်းချနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က တရုတ်ပြည်နဲ့ အခုတရုတ်ပြည်နဲ့ အများကြီး ပြောင်းလဲသွားပြီ။ ကျွန်တော်လုပ်လာတာဆို နှစ်သုံးဆယ်ကျော်ပြီ။ အရင်တုန်းက သရက်သီးဆိုလည်း ဘယ်အရည်အသွေးမျိုး ဘယ်အမျိုးအစားမဆို ရောင်းခဲ့ရတယ်။ အခုဆိုရင် အမျိုးအစားလည်းကောင်းမှ အရည်အသွေးလည်းကောင်းမှ ဖြစ်လာတယ်။ တရုတ်ပြည်က ကျွန်တော်တို့ကို ဝယ်နေတဲ့ကုန်သွယ်ဖက်နိုင်ငံက တစ်ချိန်တုန်းက အလယ်အလတ်ပေါ့ဗျာ။ အခုက တရုတ်ပြည်က ကမ္ဘာ့စီးပွားရေးအင်အား နံပါတ် (၂) နိုင်ငံဆိုတော့  ချမ်းသာလာတော့ ချမ်းသာတဲ့လူတန်းစားလည်း မြင့်လာတယ်။ အဲဒီခါမှာ အရည်သွေးကောင်းတဲ့ ပစ္စည်းကို ဈေးနှုန်းမြှင့်ပေးဖို့ကို မကြောက်ဘူး။ ကျွန်တော်တို့ ၁၀၅ မိုင်မှာ ရောင်းနေတဲ့ ဈေးနှုန်းဆိုရင် တကယ်အခြေ အနေကောင်းတယ်ဆိုရင် သခွားသီးဆိုရင် တစ်ကီလိုကို ယွမ်ခုနစ်ယွမ်၊ ရှစ်ယွမ်ရတယ်။ တစ်ချိန်တုန်းက ရောင်းတာဆိုရင် အမြင့်ဆုံး သခွားသီးတစ်ကီလိုကို ၆ ဒသမ ၅ ယွမ်အထိ ရောင်းခဲ့ရဘူးတယ်။ တစ်တန်ကို ၁၆၅၀၀ ပေါ့။ ဒါယွမ်ငွေနော်။ အဲလောက်အထိ ရောင်းခဲ့ရဖူးတယ်။  ပြီးခဲ့တဲ့နှစ် အနီးစပ်ဆုံးဆိုရင် သခွားအရည်သွေးကောင်းရင် တစ်ကီလိုကို ခုနစ်ယွမ်လောက်အထိ ရောင်းရတယ်။ လက်ရှိငွေဈေးနဲ့ဆို တစ်ကီလိုကို မြန်မာငွေ ကျပ် ၁၅၀၀ လောက် ဖြစ်နေပြီ။ အဲဒီလောက်အထိ ရောင်းခဲ့ရဖူးတယ်။ သရက်သီးဆိုရင်လည်း ကျွန်တော်တို့ ၁၀၅ မိုင်မှာ အရည်အသွေးကောင်းတဲ့ အသီးဆိုရင် တစ်ကီလိုကို ၁၀ ယွမ်လောက်အထိရတယ်။ တစ်တန်ဆို တရုတ်ငွေတစ်သောင်း မြန်မာငွေနဲ့ဆိုရင် သိန်း၂၀ ကျော်အထိ ရောင်းနေရတဲ့အတွက် မြန်မာပြည်ဘက်က အဓိကတောင်သူတွေကတော့ အဓိကပြောချင်တာကတော့ အရည်အသွေးအကောင်းဆုံး ဖြစ်အောင်လုပ်နိုင်ဖို့တော့ ကျွန်တော်တို့ဘက်ကလိုတယ်။

■မေး  - သယ်ယူပို့ဆောင်ရေးအပိုင်းကရော ဘယ်လို အခက်အခဲတွေရှိလဲ၊ ကုန်ကျစရိတ်ကရော ဘယ်လောက်အထိ ကုန်ကျလဲ။

■ ဖြေ - သယ်ယူပို့ဆောင်ရေးအပိုင်းက နံပါတ်တစ်ကတော့ လမ်းပေါ့ဗျာ။ လမ်းကိုအခုလက်ရှိ အနေအထားထက် ဘယ်လိုကောင်း အောင်လုပ်မလဲ။ တရုတ်ပြည်က အမြန်လမ်းတွေဆိုရင် ကုန်တင်ကားတွေဆို ကန့်သက်ထားတာ တစ်နာရီကို ကီလိုမီတာ ၈၀ အဲဒီလောက်အထိ မောင်းလို့ရတာတယ်။ သူ့နိုင်ငံမှာ သယ်ယူပို့ဆောင်ရေးစနစ်က ဒီကုန်တင်ကားကြီးတွေက ပျှမ်းမျှတစ်နာရီကို ကီလိုမီတာ ၆၀ သွားလို့ရတယ်။ သူ ၂၄ နာရီဆိုရင် ယာဉ်မောင်း နှစ်ယောက်သုံးယောက် ပြောင်းပြီးသွားမယ်ဆိုရင် တစ်ရက်ဟာ ကီလိုမီတာ ၁၄၀ ကျော်သွားလို့ရတယ်လေ။ ကျွန်တော်တို့ ရန်ကုန်ကနေ မူဆယ်ကိုလာတဲ့လမ်းက အမြန်ဆုံးဘယ်လိုလုပ်လုပ်နှစ်ညပဲ။ ဒီကသယ်ယူပို့ဆောင်ရေးက သူ့ထက်သုံးဆလောက် ပေးရတဲ့အတွက် ဒီကသယ်ယူပို့ဆောင်စရိတ်ကလည်း အနည်းဆုံးနှစ်ဆခွဲကနေ အများဆုံး လေးဆအထိ လက်ရှိအနေအထားမှာ ပေးနေရတယ်။

 

■မေး - တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံအထဲ ဝင်ရောက်ပြီး တရားမဝင် ဖရဲတွေ ဝင်ရောက်စိုက်ပျိုး နေတာတွေရှိတယ်။ ဒါတွေက တောင်သူတွေကို ဘယ်လိုထိခိုက်မှုတွေ ရှိလဲ။

■ဖြေ - ဒါအပွင့်အလင်းဆုံးပြောမယ် ဒါကိုထည့်ချင်လည်းထည့် ဘာမှမဖြစ်ဘူး။ ဒါတွေကတော့ အခုလက်ရှိ အခြားကဏ္ဍတွေလိုပဲပေါ့ နာမည်ခံနေတဲ့ လူတန်းစားတွေ ရှိတယ်ပေါ့ဗျာ။ နိုင်ငံသားကနေ နာမည်ခံလိုက်တယ်။ တကယ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်နေတယ်။ အဲဒါမျိုးတွေက ကျွန်တော်တို့ သစ်သီးမှာတင် မဟုတ်ပါဘူး။ အခြားကဏ္ဍတွေမှာလည်း ရှိကောင်းရှိနေမှာပေါ့ဗျာ။ ကျွန်တော်တို့ သစ်သီးမှာတော့ လက်ရှိကတော့ ဖြစ်နေတယ်။ ကျွန်တော်က အကြံပြုလိုတာကတော့ ဒီရေစီးကြောင်းကြီးကို တားလို့မရဘူး။ တားလို့မရမယ့်အတူတူတော့ ကျွန်တော်တို့က တရားဝင်ခွင့်ပြုလိုက်ပြီးတော့ တရားဝင်က MIC ကို တင်လိုက်ဦး ဟိုဟာတင်လိုက်ဦးဆိုတဲ့ လုပ်နည်းလုပ်ထုံးတွေ အဲဒီလိုမျိုးနဲ့ လိုက်ပြီးလုပ်မယ်ဆိုရင် တကယ့်တရားဝင် ရင်းနှီးမြှုပ်နှံတဲ့သူကလည်း မရှိဘူး။ မရှိတော့လည်း မလာဘူးလားဆိုတော့လည်းလာတယ်။ လာဦးမှာ လာနေမှာပဲ။ အဲဒီတော့ အလွယ်ကူဆုံးနည်းပေါ့ ဥပမာ ဒီတစ်ခင်းကို ဘယ်သူလာပြီး ရင်းနှီးမြှုပ်နှံမလဲ။ သက်ဆိုင်ရာမြို့နယ်၊ သက်ဆိုင်ရာကျေးရွာပေါ့ဗျာ။ တရုတ်ပါတယ်။ ထမင်းချက်တစ်ယောက်ပဲပါပါ ဒါက တရုတ်ပါတယ်။ စုံစမ်း။ တရုတ်ပါတယ်ဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှုပါတဲ့အတွက် မင်းတစ်ဧကကို မြို့နယ်ကအခွန်ဦးစီးက ကောက်မလား။ မင်းတို့ကို လွတ်လပ်စွာစိုက်ခွင့်ပေးမယ် နိုင်ငံသားလို တန်းတူအခွင့်အရေးပေးမယ်။ အခက်အခဲဖြစ်ရင်ပြော။ တရားဥပဒေစိုးမိုးမှု မင်းတို့လုံခြုံရေးလုပ်ပေးမယ်။ တစ်ဧကကိုတော့ဖြင့် ငါတို့နိုင်ငံကို တရားဝင် သတ်မှတ်ကြေးတစ်ခုနဲ့ လွယ်လွယ်ကူကူလေး ဒီနေ့လာစိုက်မယ် ဒီနေ့သွားဆောင်မယ်။ အဲဒီလို နည်းလမ်းနဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့လည်း အခွန်ရမယ်။

 

■မေး - လက်ရှိမှာ ပြည်တွင်းသစ်သီးစိုက်ပျိုးမှုက တိုးတက်လာတယ်ပြောတယ်။ ဒါက တရုတ်နိုင်ငံသားတွေ ဒီလိုဝင်ရောက်စိုက်ပျိုးတဲ့ဟာတွေကြောင့် တိုးတက်နေတာလား။

■ ဖြေ - အခုလုပ်နေတာတွေက တရားဝင်တယ် မဝင်ဘူးဆိုတာကတော့ ကျွန်တော်တို့လည်း စာရင်းဇယားကိုင်တွယ်တဲ့ ဌာနမဟုတ်တော့ မသိနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ အပေါ်ယံအမြင်ကတော့ ၁၀၅ မိုင်မှာ လက်ရှိတရုတ်ပြည်ကို တင်ပို့နေရောင်းချနေတဲ့ ဖရဲသီးရဲ့ ပမာဏဟာ နိုင်ငံခြားသားတွေ ပိုင်နေတဲ့ ပမာဏက တစ်ဝက်ကျော်သွားပြီ။ ဒီမှာ ရာခိုင်နှုန်းကတော့ တစ်ဝက်ကျော်သွားပြီ။ ရာခိုင်နှုန်း ၆၀၊  ရာခိုင်နှုန်း ၇၀၊  ရာခိုင်နှုန်း ၈၀ ကိုတော့ ကျွန်တော်မပြောလိုဘူး။ တစ်ဝက်ကျော်တာကတော့ သေချာသွားပြီ။ တရုတ်ရဲ့ တရားဝင် စာရင်းဇယားအခွန်မှာရတဲ့ပမာဏ တစ်ဝက်ကျော်တာမကျော်တာတော့ မသိဘူး။ ကျွန်တော်ပြောလိုတာက ဒီကိစ္စကို လွယ်လွယ်ကူကူလုပ်ပေး။ တရုတ်နိုင်ငံသားလာတယ်။ ဖရဲသီးစိုက်ချင်တယ်။ တစ်ဧကဘယ်လောက်ကောက်မလဲ။ တစ်ဧက ငါးသိန်းဆို ဆောင်မယ်စိုက်မယ်။

မဆောင်ဘူး မစိုက်နဲ့။ အဲလိုလုပ်မယ်ဆိုရင် နိုင်ငံတော်လည်း အခွန်တွေအများကြီးရရှိမှာ။

 

■မေး - သစ်သီးဈေးကွက်နဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဖြည့်စွပ်ပြောချင်တာရှိရင် ပြောပေးပါ။

■ဖြေ - ဈေးကွက်ကတော့ ကိုယ့်ဘက်က ဖြည့်ရမှာ အများကြီးလိုတယ်။ ပစ္စည်းတစ်ခုက ဒီအရည်အသွေးက ကောင်းသွားပြီ နာမည်ပေါက်သွားပြီဆိုရင် ဖရဲသီးချင်းတူရင် တောင်သူများထက် ဈေးနှုန်းပိုရလိမ့်မယ်။ အခုလက်ရှိကတော့ တရုတ်ပြည်က တစ်နေ့တစ်ခြား ချမ်းသာလာတဲ့အခါမှာ အရည်သွေးမြင့်တွေကို စားသုံးလာနိုင်တယ်။ အဲဒီတော့ မြန်မာဘက်ခြမ်းက တောင်သူတွေ အနေနဲ့ကတော့ ကျွန်တော်တို့ တာဝန်ကတော့ အရည်အသွေးအကောင်းဆုံးအသီးကို အထွက်နှုန်းအကောင်းဆုံးနဲ့ ဘယ်လိုလုပ်နိုင်မလဲ။ ဒါကိုတော့ ကျွန်တော်တို့ ကြိုးစားရလိမ့်မယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

Most Read

Most Recent