ဂျက်မားထံမှ Alibaba ဥက္ကဋ္ဌနေရာကို ဆက်ခံမည့် ဒန်နီရယ်ကျန်း

ဂျက်မားထံမှ Alibaba ဥက္ကဋ္ဌနေရာကို ဆက်ခံမည့် ဒန်နီရယ်ကျန်း
Published 11 September 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ရှန်ဟိုင်း၌ Alibaba Group ၏ စီအီးအို ကျန်းက မီဒီယာကို စကားပြောနေစဉ် (Photo: AP)

တည်ထောင်သူဂျက်မားထံမှ တရုတ်အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီး Alibaba ၏ ခေါင်းဆောင်နေရာကို အပြည့်အဝဆက်ခံမည့်သူမှာ ပင်ကိုယ် အရည်အသွေးရော စွမ်းဆောင်ရည်ပါရှိသည့် ဒန်နီရယ်ကျန်း ဖြစ်သည်။

မားက လာမည့် တစ်နှစ်တိတိတွင် Alibaba ဘုတ်အဖွဲ့၏ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကို ကျန်းထံသို့ လွှဲပြောင်းပေးမည်ဟု စက်တင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ကျန်းသည် ၂၀၁၅ ခုနှစ်ကတည်းက Alibaba ၏ စီအီးအိုအဖြစ် ထမ်းဆောင်နေသည်။

အပြင်ပန်းအားဖြင့်ကြည့်လျှင် မားနှင့် ကျန်း၏ ကွာခြားမှုမှာ သိသာထင်ရှားလှသည်။ အသက် ၅၄ နှစ်အရွယ် အင်္ဂလိပ်စာသင်ဆရာဟောင်းဖြစ်သော မားသည် အဆက်မပြတ် ခရီးထွက်နေမှုနှင့် ရွှင်ပျသော ပုံစံတို့ကြောင့် တစ်ကမ္ဘာလုံးက သိကြသူဖြစ်သည်။ ဥပမာအားဖြင့် မားသည် ယမန်နှစ်က ကုမ္ပဏီအခမ်းအနားတစ်ခုအတွင်း မိုက်ကယ်ဂျက်ဆင်ပုံစံ ကပြခဲ့သည်။

အသက် ၄၆ နှစ်အရွယ် ကျန်းမှာမူ နူးနူးညံ့ညံ့ရှိကာ ကိုယ်နှုတ်အမူအရာ တည်ငြိမ်သိုသိပ်သော စာရင်းကိုင်တစ်ဦးဖြစ်သည်။ တရုတ်မီဒီယာများတွင်မူ ကျန်းသည် မား၏ အကြမ်းခံသော ထွန်စက်ခေါင်းလေးကို Boeing 747 အဖြစ် အသွင်ပြောင်းပေးခဲ့သူဟုဆိုပြီး ဖော်ပြနေကြသည်။

ရှန်ဟိုင်းဇာတိဖြစ်သော ကျန်းသည် ရှန်ဟိုင်းတက္ကသိုလ်မှာပင် စီးပွားရေးဘာသာရပ်ကို သင်ကြားခဲ့သည်။ ကျန်းသည် ၂၀၀၇ ခုနှစ်က Alibaba ၏အဓိကအွန်လိုင်း ဈေးဝယ်ကဏ္ဍဖြစ်သော Taobao သို့ CFO ရာထူးဖြင့် မရောက်ရှိလာမီ စာရင်းစစ်လုပ်ငန်း Price Waterhouse Coppers တွင် အကြီးတန်း မန်နေဂျာအဖြစ်လည်းကောင်း၊ တရုတ်အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခုတွင် ဘဏ္ဍာရေး အကြီးအကဲအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သေးသည်။

စားသုံးသူပလက်ဖောင်း Tmall ကို Price Waterhouse Coppers ၏ အအောင်မြင်ဆုံး လုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်း၊ တရုတ်၏ လက်လီဈေးဝယ်ယူမှု အများဆုံးနေ့ဖြစ်သည့် နှစ်စဉ်နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်နေကြ Singles Day ကို ဖန်တီးခဲ့ခြင်းများဖြင့် ကျန်းသည်ချီးကျူးလေးစားမှုများ ရရှိထားသည်။

အလွန်ထက်မြက်မှု

၂၀၁၃ ခုနှစ်တွင် CFO၊ ၂၀၁၅ ခုနှစ်တွင် CEO ရာထူးများဖြင့် ကုမ္ပဏီကို ကျန်းက ပဲ့ကိုင်ပေးနေသဖြင့် ကုမ္ပဏီအလုပ်များမှ နောက်ဆုတ်ထားသော မားသည် များသောအားဖြင့် ခေါင်းဆောင်ပြယုဂ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဝင်ငွေများ မြင့်တက်သထက် မြင့်တက်နေသော Alibaba မှာလည်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၄၂၀ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်နေပြီဖြစ်သည်။

အချင်းချင်း ရင်းနှီးစည်းလုံးမှုရှိကြသော Alibaba ကုမ္ပဏီ၏ သဘောသဘာဝကြောင့် ဝန်ထမ်းများတွင် တရုတ်ကိုယ်ခံပညာရှင်များကို အခြေခံထားသော အမည်ပြောင်အသီးသီး ရှိကြသည်။ ကျန်း၏ အမည်ပြောင်ကို ကိုယ်စားပြုသူမှာမူ တိုက်ပွဲများနှင့် ခပ်ကင်းကင်းနေလေ့ ရှိသော်လည်း ပြိုင်ဘက်ကင်း တပည့်များကို မွေးထုတ်ပေးမှုကြောင့် ထင်ရှားသူဖြစ်သည်။

“ဂျက်မားဟာ တကယ့်ကိုသြဇာတိက္ကမနဲ့ ပြည့်စုံသူပါ။ ကျန်းကတော့ ဒီလိုမဟုတ်ဘူး။ သူက တအားထက်တယ်။ ဒါပေမဲ့ သူဟာ သတင်းစာရှင်းလင်းပွဲတွေ ဘာတွေကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး” ဟု ပီကင်းတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ဂျက်ဖရီတော်ဆင်က ပြောကြားခဲ့သည်။ “ဒါပေမဲ့ သူတို့အားလုံး (Alibaba အုပ်ချုပ်ရေးအဖွဲ့ဝင်များ)ဟာ အရမ်းထက်မြက်တဲ့သူတွေပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကျန်းသည် ဘတ်စကတ်ဘောနှင့် ဘောလုံးပွဲ ပရိတ်သတ်တစ်ဦးဖြစ်ပြီး တရုတ်မီဒီယာများတွင် ဖော်ပြချက်အရ ကျန်းသည် အာဆင်နယ်၏ အမာခံပရိတ်သတ်ဟု သိရသည်။

“စီးပွားရေးကမ္ဘာမှာ စိတ်လှုပ်ရှားစရာတွေ၊ ပြိုင်ဆိုင်မှုတွေဟာ ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အမြဲတမ်း မျက်စိဖွင့် နားစွင့်နေရမယ်။ အိပ်နေရင်းတောင် မျက်စိဖွင့်ထားဖို့လိုတယ်။ အဆက်မပြတ် သင်ယူဖန်တီးနေရမှာလည်း ဖြစ်တယ်” ဟု ကျန်းက ယခုနှစ်အစောပိုင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Ref: AFP