ရော့ကတ်များဖြင့် ပစ်ခတ်ခံရအပြီး အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံး

ရော့ကတ်များဖြင့် ပစ်ခတ်ခံရအပြီး အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံး
Published 10 August 2018

သြဂုတ် ၈ ရက်တွင် ဂါဇာစီးတီး၌ အစ္စရေး၏ လေကြာင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးများ ထွက်ပေါ်နေစဉ် (Photo: AFP)

ဂါဇာကမ်းရိုးတန်းနယ်မြေမှ အစ္စရေးပိုင်နက်ထဲသို့ ရော့ကတ်ဒါဇင်များစွာ ပစ်ခတ်မှုခံခဲ့ရအပြီး အစ္စရေးက ဂါဇာကို သြဂုတ် ၈ ရက် နှောင်းပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ထိုအပြန်အလှန် တိုက်ခိုက်မှုများအတွင်း နှစ်ဖက်စလုံးတွင် ဒဏ်ရာရမှုများ ရှိခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ အကြမ်းဖက်သမားများ၏ နေရာများအား ပစ်မှတ်ထားခဲ့ကြောင်း အစ္စရေးစစ်ဘက်၏ ကြေညာချက် ထုတ်ပြန်ခဲ့အပြီး ဂါဇာစီးတီးတွင် မီးခိုးလုံးများ ထွက်ပေါ်နေမှုကို မြင်တွေ့ခဲ့ရသည်။ ဟားမားစ်အုပ်ချုပ်သော ဂါဇာကမ်းမြောင်တစ်လျှောက် နေရာများအား ပစ်မှတ်ထားခဲ့သည့် ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ဂါဇာမြောက်ပိုင်းတွင် ပါလက်စတိုင်းတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကမ်းရိုးတန်းနယ်မြေမှ ရော့ကတ်နှစ် ဒါဇင်ထက်မနည်းသည် ဂါဇာမြောက်ပိုင်း နယ်စပ်အနီး အစ္စရေး၏ Sderot မြို့ကို ကျရောက်ခဲ့ပြီးနောက် အစ္စရေးက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ Sderot မြို့တွင်
အမြောက်ဆန် အစအန ထိမှန်မှုကြောင့် လူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အခြားလူအများအပြားသည် ထိတ်လန့်မှုအတွက် ကုသပေးခဲ့ရကြောင်း United Hatzalah ဆေးဘက်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုရော့ကတ်များဖြင့် ပစ်ခတ်မှုအတွက် တာဝန်ရှိကြောင်း ဂါဇာကို အုပ်ချုပ်နေသည့် ဟားမားစ်အဖွဲ့၏ စစ်ဘက်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဂါဇာနှင့်နယ်စပ်အနီး အစ္စရေး၏ နယ်မြေအများအပြားတွင် အချက်ပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး ဒေသခံများကိုလည်း ခိုလှုံစရာများသို့ ချက်ချင်းသွားရောက်ကြရန် ညွှန်ကြားခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ လတ်တလောအချိန်အထိ ဂါဇာကမ်းမြောင်မှနေ၍ အစ္စရေးပိုင်နက်ထဲသို့ ရော့ကတ်အစင်း ၇၀ နီးပါး ပစ်ခတ်ထားမှုကို သိရှိခဲ့ကြောင်း၊ ၁၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အများစုမှာမူ ကွင်းပြင်များသို့ ကျရောက်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။ Sderot မြို့၏အစိတ်အပိုင်းများကို ပိတ်ထားခဲ့ပြီး ဗုံးရှင်းလင်းရေအဖွဲ့များက ရော့ကတ်များ ကျရောက်သည့်နေရာများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

ဟားမားစ်အဖွဲ့၏ စစ်ဘက်အဖွဲ့မှ တိုက်ခိုက်ရေးသမားနှစ်ဦးသည် သြဂုတ် ၇ ရက်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီးနောက် ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟားမားစ်၏ရော့ကတ်များဖြင့် ပစ်ခတ်မှုများအား ကုလသမဂ္ဂသံတမန် နစ်ကိုလေးမလာဒီနော့က ရှုတ်ချခဲ့ပြီး နှစ်ဘက်စလုံးက နောက်ဆုတ်ကြရန် တိုက်တွန်းခဲ့သည်။

ဟားမားစ်အဖွဲ့က ဂါဇာတွင် သြဂုတ် ၃ ရက်၌ ရှားရှားပါးပါး ခေါင်းဆောင်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဆွေး နွေးပွဲသည် အီဂျစ်နှင့် ကုလသမဂ္ဂတို့၏ ထောက်ကူပေးမှုဖြင့် အစ္စရေးနှင့် တည်တံ့သော သဘောတူညီချက် ရရှိနိုင်မည်ဟု မျှော်လင့်ချက် မြင့်တက်စေခဲ့သည်။ အစ္စရေးနှင့် ဟားမားစ်တို့သည် ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။

Ref: AFP