မြောက်ကိုရီးယားနှင့်ပတ်သက်၍ အားကောင်းသည့် ကာကွယ်ရေးရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု မာတစ် ကတိပြု

မြောက်ကိုရီးယားနှင့်ပတ်သက်၍ အားကောင်းသည့် ကာကွယ်ရေးရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု မာတစ် ကတိပြု
Published 30 June 2018

ဇွန် ၂၉ ရက်က တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ်အာဘေး (ယာ)နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ် (ဝဲ) တို့ ဆွေးနွေးနေကြစဉ် (Photo - AFP)

အမေရိကန်၏ ကာလရှည်ကြာလုံခြုံရေး ကတိပြုမှုများအား လျော့ကျစေရန် မြောက်ကိုရီးယားက လုပ်ဆောင်နိုင်ခြေရှိသည့်အပေါ် စိုးရိမ်နေကြစဉ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဂျိမ်းမာတစ်က အမေရိကန်-ဂျပန် လုံခြုံရေးမဟာမိတ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းကာ ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ဇွန် ၂၉ ရက်က ကတိပြုခဲ့သည်။

မြောက်ကိုရီးယားအရေးတွင် အမေရိကန်နှင့် ဒေသတွင်းမဟာမိတ်များသည် အားကောင်းသည့် ကာကွယ်ရေးပူးပေါင်းမှုဆိုင်ရာ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု မာတစ်က ပြောကြားခဲ့သည်။ ဂျပန်သည်လည်း ဒေသတွင်း တည်ငြိမ်မှု၏ အုတ်မြစ်တစ်ခုသဖွယ် ဆက်လက်တည်ရှိ သွားမည်ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် နျူကလီးယားဖျက်သိမ်းရေး         သဘောတူညီချက်တစ်ခုရရှိရေးအတွက် သမ္မတဒေါ်နယ်ထရန့်၏ တိုက်တွန်းလုပ်ဆောင်မှုများ၌ ဂျပန်က ၎င်း၏ လုံခြုံရေးအကျိုးစီးပွားများ ကျန်ရစ်ခဲ့မည်ဟု စိုးရိမ်လျက်ရှိသည်။ မာတစ်သည် ယခုခရီးစဉ်အတွင်း ဂျပန်အစိုးရအရာရှိများနှင့် တွေ့ဆုံပြီး ထိုစိုးရိမ်မှုများကို ဖြေရှင်းပေးရန် ကြိုးပမ်းခဲ့သည်။ “ကျွန်တော်တို့ဟာ မြောက်ကိုရီးယားနဲ့ မကြုံစဖူးညှိနှိုင်းဆွေးနွေးမှုထဲကို ရောက်နေပေမယ့် ဂျပန်-အမေရိကန်ရဲ့ ကာလရှည်ကြာ မဟာမိတ်ဆက်ဆံရေးဟာ ခိုင်မာနေဆဲ ဖြစ်ပါတယ်” ဟု မာတစ်က ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာနှင့် တွေ့ဆုံစဉ် အခိုင်အမာ ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးဟာ မြဲမြံမှုရှိကြောင်း အလုံးစုံစိတ်ချဖို့ အာမခံချက်ရှိပါတယ်” ဟု မာတစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထရန့်သည် ဇွန် ၁၂ ရက် စင်ကာပူထိပ် သီးပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သဖြင့် ဒေသတွင်းမဟာမိတ်များမှာ အံအားသင့်ခဲ့ရသည်။ တစ်ချိန်က ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးများကို မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအား ထိန်းချုပ်ရန် အဓိကအရေးပါသည့်လုပ်ရပ်ဟု ရှုမြင်ခဲ့ကြသည်။

မာတစ်ကမူ ထရန့်၏ယင်းဆုံးဖြတ်ချက်သည် အမေရိကန်သံတမန်များအား ခိုင်ခိုင်မာမာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်စေရန်နှင့် ကိုရီးယားကျွန်းဆွယ်အတွက် ငြိမ်းချမ်းသောအဖြေတစ်ခုထွက်လာစေရေး အလားအလာကို မြှင့်တင်ရန်အတွက် အချိန်တစ်ခု ဖန်တီးပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး အိုဒိုဒီရာကလည်း ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးများသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးသည်ဟု ပြောခဲ့သော်လည်း ကင်ကို နျူကလီးယားလက်နက်များကို စွန့်လွှတ်စေရန် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများအတွက်မူ လိုအပ်ကြောင်းကို အသိအမှတ်ပြုခဲ့သည်။

မာတစ်သည် ဂျပန်သို့ မလာမီ တောင်ကိုရီးယားသို့လည်း သွားရောက်ခဲ့သေးသည်။ မာတစ်သည် တောင်ကိုရီးယားတွင်လည်း နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေစဉ် အမေရိကန်က တောင်ကိုရီးယားအား စောင့်ရှောက်ပေးမှုများ လျှော့ချလိုက်မည်ကို စိုးရိမ်မှုများ ပြေလျော့စေရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် အမေရိကန်-တောင်ကိုရီးယား၏ မဟာမိတ်ဆက်ဆံရေးမှာ သံမဏိကဲ့သို့ မြဲမြံသည်ဟုလည်း ပြောကြားခဲ့သည်။

Ref; AFP