ထိုင်ဝမ်သမ္မတရုံး အပြင်ဘက်တွင် ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

ထိုင်ဝမ်သမ္မတရုံး အပြင်ဘက်တွင် ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား
Published 19 August 2017

သြဂုတ် ၁၈ ရက်က တိုင်ပေရှိ သမ္မတနန်းတော်ဝင်းထဲသို့ ဝင်ရောက်သည့် ဝင်ပေါက်တစ်ခု၌ စောင့်ကြပ်နေသော လက်နက်ကိုင် စစ်ရဲတစ်ဦး (Photo: AFP)

ထိုင်ဝမ်သမ္မတရုံး အပြင်ဘက်တွင် သြဂုတ် ၁၈ ရက်၌ တရုတ်အလံ သယ်ဆောင်လာသော အမျိုးသားတစ်ဦးက ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ရဲလုံခြုံရေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခင်းဖြစ်သည့် နေရာတွင် ဖမ်းဆီးခံခဲ့ရသော ယင်းအမျိုးသားက ၎င်း၏နိုင်ငံရေး အမြင်များအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယင်းဓားအား အနီးရှိ သမိုင်းပြတိုက်တစ်ခုမှ ၎င်းက ခိုးလာခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်သူသည် တူတစ်လက် ယူဆောင်လာခဲ့ပြီး သမိုင်းပြတိုက်၌ ဆာမူရိုင်းဓား ပြသထားသည့် အဖုံးအား ရိုက်ခွဲ၍ ဓားကို ခိုးလာခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်သော ရဲတစ်ဦးက ပြောကြားခဲ့သည်။ ၎င်း၏ ကျောပိုးအိတ်တွင် တရုတ်အလံ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်း၏နိုင်ငံရေး ရပ်တည်ချက်အား ပြသရန် သမ္မတရုံးသို့ သွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲက ဆိုခဲ့သည်။ မိသားစုအမည် “လူ” ဟုသာ သိရသော ယင်းအမျိုးသားသည် သမ္မတရုံးထဲသို့ ဘေးပေါက်မှ ဝင်ရန် ကြိုးပမ်းစဉ် ဟန့်တားခဲ့သည့် ရဲတစ်ဦးအား ဓားဖြင့်တိုက်ခိုက်ခဲ့သည်ဟု သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် အဲလက်ဟူအန်က ပြောကြားခဲ့သည်။

လတ်တလောတွင် ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းနေသော အသက် ၅၁ နှစ်ရှိ လူသည် အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး ပြစ်မှုရာဇဝင် မရှိကြောင်း သိရသည်။ လည်ပင်းတွင် ဒဏ်ရာရခဲ့သော ရဲအား အနီးရှိဆေးရုံသို့ အလျင်အမြန် ပို့ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဟု ဟူအန်က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်တွင် သမ္မတရုံးထဲ၌ ဝန်ထမ်းများနှင့် ၎င်းတို့၏ ကလေးများ အပါအဝင် မိသားစုနေ့ အခမ်းအနား ကျင်းပနေကြောင်း သိရသည်။ အသက် ၂၄ နှစ်ရှိ လုံခြုံရေးက ရဲဝံ့စွာ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသားသည်သာ ဓားဖြင့် ရုံးထဲသို့ ဝင်လာခဲ့လျှင် မတွေးရဲစရာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဖန်ရှီကွမ်က ပြောကြားခဲ့သည်။ လူသည် တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းအား ချီးကျူးမှု အပါအဝင် ပေကျင်းလိုလားသော မှတ်ချက်များကို အွန်လိုင်းတွင် အကြိမ်ကြိမ် တင်ခဲ့ကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ဆာမူရိုင်းဓား၌ “နန်ကျင်း တိုက်ပွဲ။ လူ ၁၀၇ ဦးအား သတ်ခဲ့” ဟု စာထွင်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ ဖော်ပြခဲ့သည်။ ယင်းဓားအား ၁၉၃၇ ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်း၌ ဂျပန်စစ်တပ်က ဒေသခံများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၌ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဓားခိုးယူခံခဲ့ရသည့် စစ်သမိုင်းပြတိုက်မှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

မြို့တော်တိုင်ပေ မြို့လယ်ရှိ ယင်းသမ္မတရုံးသည် ပေကျင်းအား သံသယရှိသော သမ္မတ ဆန်အင်းဝမ်၏ ရုံးချုပ်ဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပေကျင်း၏ ရပ်တည်ချက်အား လက်ခံရန် ငြင်းဆန်ခဲ့သည့် ဆန်က ပြီးခဲ့သောနှစ်တွင် ထိုင်ဝမ်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး အလွန်အမင်း ဆိုးရွားလာခဲ့ကြောင်း သိရသည်။

Ref: AFP