အီရန်နှင့် နျူကလီးယားသဘောတူညီချက်သစ်အတွက် ထရန့်နှင့်မက်ခရွန်တို့က တောင်းဆို

အီရန်နှင့် နျူကလီးယားသဘောတူညီချက်သစ်အတွက် ထရန့်နှင့်မက်ခရွန်တို့က တောင်းဆို
Published 26 April 2018

ဧပြီ ၂၁ ရက်က အိမ်ဖြူတော်တွင် နိုင်ငံတော်ညစာစားပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ကို တွေ့ရစဉ် (Photo - AFP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့သည် အီရန်နှင့်နျူကလီးယားသဘောတူညီ ချက်သစ်အတွက် ဧပြီ ၂၄ ရက်တွင် တောင်းဆိုခဲ့ပြီး ဆုံးဖြတ်ချက်စောင့်ဆိုင်းနေရဆဲဖြစ်သော အထင်ကရ နျူကလီးယားသဘောတူ ညီချက်အား သဘောထားကွဲလွဲမှုများကို ကျော်လွန်၍ စဉ်းစားခဲ့သည်။ မက်ခရွန်က ဝါရှင်တန်သို့ လာရောက်စဉ် အီရန်၏နျူက လီးယားစီမံကိန်းအား ကန့်သတ်ရန် စီစဉ်ထားသော သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ထိုသဘောတူညီချက်ကို ထရန့်က လူသိရှင်ကြား ပုတ်ခတ်ခဲ့သည်။

ထိုနျူကလီးယားသဘောတူညီချက်မှ နုတ်မထွက်ရန် ဥရောပမဟာမိတ်များက ၎င်းအား မေတ္တာရပ်ခံနေသော်လည်း ထရန့်က ထိုသဘောတူညီချက်သည် အဓိပ္ပါယ်မဲ့ပြီး ရယ်ရွှင်ဖွယ်ရာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ သို့သော် အီရန်၏ပဲ့ထိန်းဒုံးစီမံကိန်းများအား ကန့်သတ်နိုင်ရန်၊ အရှေ့အလယ်ပိုင်းတစ်ဝန်း စစ်သွေးကြွများအား အီရန်၏ထောက်ပံ့နေမှုကို တားဆီးနိုင်ရန် ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်ကို ထရန့်က အာရုံစိုက်နေသည်။ မည်သည့်သဘောတူညီချက်သစ်မဆို ခိုင်မာသောအခြေခံတွင် တည်ဆောက်သင့်ကြောင်း ထရန့်က အလေးပေး ပြောကြားခဲ့ပြီး ယီမင်နှင့် ဆီးရီးယားတို့ကို လွှမ်းခြုံသော သဘောတူညီချက်ကို ပြုလုပ်သင့်ကြောင်း၊ အရှေ့အလယ်ပိုင်းရှိ မည်သည့်နေရာတွင်မဆို ပြဿနာများ၏နောက်ကွယ်၌ အီရန်၏လက်ရာများကို တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသည် မေ ၁၂ ရက်တွင် အီရန်နျူကလီးယား သဘောတူညီချက်အား ဆက်လက် လက်ခံ၊ မခံကို မသိတော့ကြောင်း မက်ခရွန်က ထရန့်နှင့်တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့သည်။ ယခုအခါ ထိုနျူကလီးယားသဘောတူညီချက်က တစ်စိတ်တစ်ပိုင်းပါဝင်နိုင်သည့် သဘောတူညီချက်သစ်ရရှိနိုင်ရေး လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ထရန့်နှင့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ပြောကြားခဲ့သည်။ သို့သော် ပဲ့ထိန်းဒုံးစီမံကိန်းများ၊ အရှေ့အလယ်ပိုင်းတွင် လှုပ်ရှားမှုများ သို့မဟုတ် ၂၀၂၅ ခုနှစ်အလွန်၌ နျူကလီးယားထိန်းချုပ်မှုများကို တိုးချဲ့မှုစသည့် လိုက်လျောမှုများကို အီရန်က ပြန်လည်ရရှိနိုင်ခြင်းရှိ၊ မရှိကိုမူ ထရန့်ရော၊ မက်ခရွန်ကပါ မပြောကြားခဲ့ပေ။

အီရန်အား ပိတ်ဆို့အရေးယူမှုများကို အလွန်အမင်းဖြေလျှော့ပေးထားပြီး အရပ်ဘက်နျူကလီးယား အစီအစဉ်အတွက် အာမခံပေးထားကာ အပြန်အလှန်အားဖြင့် လက်နက်အဆင့်လောင်စာများအား သန့်စင်မှုများကို အီရန်က ကန့်သတ်ပေးရမည့် ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် နျူကလီးယားသဘော တူညီချက်မှ မထွက်ခွာရန် ဥရောပမဟာမိတ်များက ထရန့်ကို အကြိမ်ကြိမ်စည်းရုံးခဲ့သည်။ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဧပြီ ၂၇ ရက်တွင် ဝါရှင်တန်သို့သွားရောက်စဉ် ထိုတောင်းဆိုမှုများအား ထပ်မံတိုက်တွန်းမည် ဖြစ်သည်။

ထရန့်က ထိုသဘောတူညီချက်မှနုတ်ထွက်လျှင် သန့်စင်မှုများအား အရှိန်မြှင့်မည်ဟု အီရန်က သတိပေးခဲ့သည်။ အီရန်သည် မည်သည့်အရာကိုမျှ ပြန်လည်စတင်၍ မရကြောင်း၊ ပြန်လည်စတင်မည်ဆိုပါက ၎င်းတို့ကြုံဖူးသမျှ အကြီးမားဆုံး ပြဿနာထက် ပိုမိုကြီးမားသောပြဿနာများ ကြုံရမည်ဖြစ်ကြောင်း ထရန့်က တဲ့တိုးသတိပေးခဲ့သည်။

Ref; AFP