မလေးရှား၌ ပါလက်စတိုင်း တက္ကသိုလ်ဆရာတစ်ဦး လုပ်ကြံပစ်သတ်ခံရမှုသည် အစ္စရေးမော့ဆက်၏ လက်ချက်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်

မလေးရှား၌ ပါလက်စတိုင်း တက္ကသိုလ်ဆရာတစ်ဦး လုပ်ကြံပစ်သတ်ခံရမှုသည် အစ္စရေးမော့ဆက်၏ လက်ချက်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်
Published 23 April 2018

မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဟားမားအဖွဲ့ဝင်တစ်ဦး ဖြစ်ဖွယ်ရှိသော ပါလက်စတိုင်း တက္ကသိုလ်ဆရာ၏ ဓာတ်ပုံကို ဧပြီ ၂၁ ရက်က ဂါဇာကမ်းမြောင်မြောက်ပိုင်း၌ အမျိုးသားများက ကိုင်ဆောင်ထားကြသည်ကို တွေ့ရစဉ် (Photo: AFP)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီ ၂၁ ရက်က ပါလက်စတိုင်း အမျိုးသားတစ်ဦးကို မည်သူမည်ဝါမှန်းမသိသော အမျိုးသားနှစ်ဦးက ပစ်သတ်သွားခဲ့သည်ဟု မလေးရှားနှင့် ပါလက်စတိုင်း အာဏာပိုင်တို့က ထုတ်ပြန်ခဲ့သည်။ သေနတ်သမားဖြစ်ဖွယ်ရှိသူတို့သည် ပြည်ပထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုခုနှင့် ဆက်နွှယ်နေနိုင်သည်ဟု မလေးရှား ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားကို မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ လူနှစ်ဦးက သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်သွားခဲ့ရာ ၎င်းမှာ နေရာမှာပင် သေဆုံးခဲ့သည်ဟု ကွာလာလမ်ပူရဲချုပ် မက်ဇလန်လာဇင်က ပြောကြားခဲ့သည်။ “အစောပိုင်းစစ်ဆေးမှု ရလဒ်တွေအရ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ လေးချက် တွေ့ခဲ့ရပါတယ်။ အခင်းဖြစ်ပွားတဲ့ အဲဒီနေရာမှာ နောက်ထပ်ကျည်ဖူးနှစ်ခုကို တွေ့ရှိခဲ့ရပါတယ်” ဟု ရဲချုပ်က ပြောကြားခဲ့သည်။ အနီးရှိ နံရံတွင်လည်း ကျည်ရာများကို တွေ့ခဲ့ရသည်ဟု သိရသည်။ အဆိုပါအမျိုးသားသည် ဂွမ်ဘာ့ဆင်ခြေဖုံး ရပ်ကွက်ထဲရှိ ဗလီတစ်ခုတွင် ဝတ်ပြုရန်အတွက် ၎င်း၏ အထပ်မြင့်နေအိမ် တိုက်ခန်းပေါ်မှ ဆင်းလာစဉ် ယခုကဲ့သို့ လုပ်ကြံခံရခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသားသည် ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စု ဟားမား၏အဖွဲ့ဝင်ဖြစ်သည်ဟု ထွက်ပေါ်နေသည့်သတင်းများနှင့် ပတ်သက်၍ ရဲချုပ်က တစ်စုံတစ်ရာ အတည်မပြုပေးခဲ့ပေ။ “ဒီလိုပြောဖို့ သိပ်စောလွန်းပါသေးတယ်။ ကျွန်တော်တို့ဘက်က ထောင့်ပေါင်းစုံကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူသည် ဖာဒီအယ်ဘာတေ့ရှ် အမည်ရှိ ပါလက်စတိုင်းတစ်ဦးဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ တက္ကသိုလ်ဆရာ တစ်ဦးလည်းဖြစ်သည်ဟု မလေးရှားနိုင်ငံဆိုင်ရာ ပါလက်စတိုင်း သံအမတ်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် ၎င်းသည် ဟားမားအဖွဲ့ဝင် ဟုတ် မဟုတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သေနတ်ဖြင့် ပစ်သွားသည်ဟု သံသယရှိသူ နှစ်ဦးသည် ဥရောပတိုက်သားပုံစံများဖြစ်သည်ဟု သိရသည်။

မလေးရှား ဒုတိယဝန်ကြီးချုပ် အာမတ်ဇာဟစ်ဟာမီဒီကမူ ထိုနှစ်ဦးသည် ပြည်ပထောက်လှမ်းရေး အေဂျင်စီတစ်ခုနှင့် ဆက်နွှယ်မှုရှိသော ဥရောပတိုက်သားများဖြစ်သည်ဟု ယုံကြည်ရကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ Bernama တွင် ဖော်ပြခဲ့သည်။

အီလက်ထရွန်နစ် အင်ဂျင်နီယာပိုင်းနှင့် ဒုံးကျည်ဆောက်လုပ်ရေးပိုင်းတို့နှင့် ပတ်သက်သည့် ပညာရှင်တစ်ဦးဖြစ်သော ဘာတေ့ရှ်မှာလည်း ပြည်ပထောက်လှမ်းရေးနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး အစိုးရမဟုတ်သော ပါလက်စတိုင်းလိုလားသည့် အဖွဲ့အစည်းများတွင် လှုပ်ရှားမှုရှိခဲ့သည်ဟု ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

သေဆုံးသူသည် ပါလက်စတိုင်း၏ ရန်သူနိုင်ငံတစ်ခုခုက အဟန့်အတားအဖြစ် ရှုမြင်ခြင်းခံခဲ့ရသည်ဟု ဇာဟစ်က ပြောကြားခဲ့သေးသည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသော ဟားမားအဖွဲ့ကမူ ၎င်းတို့၏အဖွဲ့ဝင်တစ်ဦး မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအမှုနှင့် ပတ်သက်ပြီး မလေးရှားအရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လွှတ်ထားကြောင်းလည်း ဟားမားတို့က ဆိုသည်။

ပါလက်စတိုင်း သိပ္ပံပညာရှင်များအား လုပ်ကြံရန် ယခင်က ကြိုးပမ်းမှုများ၏ နောက်ကွယ်တွင်မူ အစ္စရေး၏ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ ရှိခဲ့သည်ဟု ဟားမားအကြီးအကဲ အစ္စမေးဟာနီယာက ဆိုသည်။ ယခု အယ်ဘာတေ့ရှ်၏ အသတ်ခံရမှုသည်လည်း ယင်း၏နောက်ဆက်တွဲတစ်ခုဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးမှ အစိုးရအရာရှိများကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဂျာဘယ်ယာမြို့နေ ဘာတေ့ရှ်၏ ဦးလေးကမူ မော့ဆက်၏ လက်ချက်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “အစ္စရေးမော့ဆက်တွေပါ။ ပညာတတ်တွေ၊ ပညာရှင်တွေ လုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ အစ္စရေးမော့ဆက် ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါလက်စတိုင်းတွေဟာ သိပ္ပံပညာရှင်တွေကြောင့် လွတ်မြောက်မှုရလိမ့်မယ်ဆိုတာ အစ္စရေးတွေ သိနေကြလို့ပဲဖြစ်တယ်” ဟု ဦးလေးဖြစ်သူ ဂျာမယ်အယ်ဘာတေ့ရှ်က ပြောကြားခဲ့သည်။ “ဒါကြောင့် ငယ်ရွယ်တဲ့ ဒီပညာတတ်အမျိုးသားကို သူတို့တွေ ခြေရာခံလိုက်ခဲ့တာဖြစ်ပါတယ်“ ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘာတေ့ရှ်သည် ကွာလာလမ်ပူတက္ကသိုလ်မှ စွမ်းအင်အင်ဂျင်နီယာ ဘာသာရပ်၏ ဆရာတစ်ဦးဖြစ်သည်ဟု ထိုတက္ကသိုလ်မှ ထုတ်ပြန်ခဲ့သည်။

ဘာတေ့ရှ်သည် ၎င်း၏နေအိမ်အနီးရှိ ဗလီတစ်ခုမှ ဘာသာရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်ဟု ဘာတေ့ရှ်ကိုသိသော အမည်မဖော်လိုသည့် မလေးရှားနေ ပါလက်စတိုင်းတစ်ဦးက ဆိုသည်။

ဧပြီ ၂၂ ရက်တွင်မူ မလေးရှားအာဏာပိုင်များသည် ဘာတေ့ရှ်၏ အလောင်းကို ခွဲစိတ်စစ်ဆေးမှုများပြုလုပ်နေပြီဟု သိရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက မလေးရှားနိုင်ငံတွင် နေထိုင်ခဲ့သည့် ဘာတေ့ရှ်တွင် ဇနီးနှင့် ငယ်ရွယ်သော သားသမီးသုံးဦး ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဂါဇာ-အစ္စရေးနယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ပါလက်စတိုင်းတို့သည် ၎င်းတို့၏ နေရပ်ဟောင်းကို ပြန်သွားနိုင်ရန် အခွင့်အရေးရရှိရေးအတွက် တိုးမြှင့်တောင်းဆိုသော ဆန္ဒပြပွဲများမှာ ကြီးထွားလာလျက်ရှိသည်။ ထိုဆန္ဒပြပွဲများကို အစ္စရေးတို့၏ ကျည်အစစ်သုံး နှိမ်နင်းမှုကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

အစ္စရေးအစိုးရကမူ ၎င်းတို့သည် နယ်စပ်ကို ကာကွယ်နေခြင်းဖြစ်ပြီး ဆန္ဒပြသူများ နယ်စပ်စည်းရိုးအနီးသို့ ကပ်လာပါက ထိုကဲ့သို့လုပ်ရပ်များကို လုပ်ဆောင်သည်ဟု ထုတ်ပြန်ခဲ့သည်။