ထိုင်ဝမ်ကို သတိပေးရန် ရည်ရွယ်သည့် တရုတ်၏ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှုကြီးများ စတင်

ထိုင်ဝမ်ကို သတိပေးရန် ရည်ရွယ်သည့် တရုတ်၏ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှုကြီးများ စတင်
Published 19 April 2018

တောင်တရုတ်ပင်လယ်ထဲတွင် စစ်ရေးလေ့ကျင့်နေကြသော တရုတ်လေယာဉ်တင်သင်္ဘောကြီး (လယ်) နှင့်အတူ အခြားစစ်သင်္ဘောများအား တွေ့ရစဉ် (Photo: AP)

တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၌ ဧပြီ ၁၈ ရက်တွင် ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ ထိုင်ဝမ်အစိုးရအပေါ် အမေရိကန်က ထောက်ခံမှု ပိုမိုမြှင့်တင်ရန် လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်၏ တရားဝင် လွတ်လပ်ရေးရရန် ကြိုးပမ်းမှုအပေါ် သတိပေးသည့်အနေနှင့် ယခုစစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရသည် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ထုတ်ပြန်ရသေးသည်။ ဧပြီ ၁၈ ရက်က နိုင်ငံပိုင်ရုပ်သံ China Central ၌ ထိုစစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံနေသူများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု “သင်တို့ကို သတိမပေးဘူးလို့ မပြောပါနဲ့” ဟူသောခေါင်းစီးဖြင့် ရုပ်သံဝက်ဆိုက်တွင် ဖော်ပြခဲ့သည်။

သတင်းဌာနများ၏ မေးခွန်းများကို တရုတ်ကာကွယ်ရေးဌာနက ပြန်မဖြေခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်သီတင်းပတ်ကမူ ကမ်းရိုးတန်းဒေသ ဖူကျန့်ပြည်နယ်ရှိ ရေကြောင်းလုံခြုံရေးအာဏာပိုင်များက တစ်ရက်ကြာမြင့်မည့် ထိုင်ဝမ်ရေလက်ကြား စစ်ရေးလေ့ကျင့်မှုသည် နံနက် ၈ နာရီတွင် စတင်မည်ဟု ကြေညာခဲ့ဖူးသည်။ ထိုကြေညာချက်သည် ကမ်းရိုးတန်းဒေသတစ်ခုပင်ဖြစ်သည့် ဟိုင်နန်ပြည်နယ် ကမ်းလွန်မှ တောင်တရုတ်ပင်လယ်ထဲရှိ ရေတပ်သင်္ဘောစုကြီး၏ တပ်စစ်ဆေးခြင်း အခမ်းအနားသို့ တရုတ်သမ္မတရှီကျင်ပင်း တက်ရောက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုစစ်ရေးလေ့ကျင့်မှုများထဲတွင် မြေပြင်အခြေစိုက် အမြောက်များသာပါဝင်ကာ ပုံမှန်ပြုလုပ်နေကြ ပစ်ခတ်မှုလေ့ကျင့်ရေးများဖြစ်သည်ဟု ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “တရုတ်ဟာ ဒါကြီးကို အကျယ်ချဲ့ဖို့ သတင်းအတုတွေကို တမင်သက်သက် ထုတ်ပြန်ခဲ့ပါတယ်။ အမှန်တကယ်တော့ အသေးစား လေ့ကျင့်မှုတစ်ခုပါ။ သူတို့ဟာ ဈေးအပေါဆုံးဖြစ်တဲ့ နှုတ်နဲ့ခြိမ်းခြောက်မှု လုပ်ခဲ့တာဖြစ်ပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ချန်ချောင်ချီက ဆိုသည်။

“ဒီစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့လတွေကတည်းက စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ အမေရိကန်ကို တရုတ်က သူ့ရဲ့ နောက်ဆုံးစည်းမျဉ်းကို မကျော်လာကြဖို့ အသုံးဝင်တဲ့ သတိပေးချက် တစ်ခုဖြစ်ပါတယ်” ဟု ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ တရုတ်အရေးကျွမ်းကျင်သူ ဘောနီဂလေဆာက ပြောခဲ့သည်။

ဧပြီ ၁၈ ရက် စစ်ရေးလေ့ကျင့်မှုထဲတွင် တရုတ်၏ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောကြီး လျောင်နင်လည်း ပါဝင်ဖွယ်ရှိသည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်တပ်တက္ကသိုလ်မှ ဆရာဟောင်းတစ်ဦးဖြစ်သည့် ဆုန်းကျုံ့ဖိန်က ပြောခဲ့သည်။

“လျောင်နင်ဟာ ဝေဟင်ထိန်းချုပ်မှုကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်။ ဒါအပြင့် ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် တရုတ်ရဲ့အစီအစဉ်ကို ဝင်စွက်ဖက်ဖို့ကြံနေတဲ့ အမေရိကန်-ဂျပန်တို့ရဲ့ ဗျူဟာကိုတောင် ပိတ်ပင်နိုင်ပါတယ်” ဟု ထိုင်ဝမ်အခြေစိုက် Phoenix TV ၏ စစ်ရေးသတင်းထောက်တစ်ဦးအဖြစ် လက်ရှိတွင်လုပ်နေသည့် ဆုန်းကျုံဖိန်က ဆက်လက်ပြောကြားခဲ့သည်။

Ref: AFP, AP