Facebook က ဆင်ဆာပြုလုပ်နေဟု ဗီယက်နမ် တက်ကြွလှုပ်ရှားသူများက စွပ်စွဲ

Facebook က ဆင်ဆာပြုလုပ်နေဟု ဗီယက်နမ် တက်ကြွလှုပ်ရှားသူများက စွပ်စွဲ
Published 11 April 2018

ဇက်ကာဘက်ထံပေးပို့သော စာအား ဗီယက်နမ်တက်ကြွလှုပ်ရှားသူ လာဗီယက်ဒန်က ဧပြီ ၁၀ ရက်တွင် ပြသနေစဉ် (Photo – AFP)

Facebook ကုမ္ပဏီသည် အွန်လိုင်း၌ အစိုးရနှင့်သဘောထားကွဲလွဲသည့် အကြောင်းအရာများအား ဖယ်ရှားရန် ကွန်မြူနစ်အစိုးရ နှင့် လိမ်လည်ပေါင်းကြံခဲ့ဖွယ်ရှိဟု ဖော်ပြထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဗီယက်နမ် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များပါဝင်သည့်  အဖွဲ့တစ်ဖွဲ့က Facebook အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘက်ထံ ပေးပို့ခဲ့သည်။

လွတ်လပ်သောမီဒီယာများ ပိတ်ပင်ခံထားရပြီး ဘလော့ဂ်များသည်လည်း ပုံမှန်လိုလို ဖယ်ရှားခံနေရသည့် တစ်ပါတီစနစ် ကျင့်သုံးသော ဗီယက်နမ်သည် ကမ္ဘာတွင် Facebook အသုံးပြုမှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်း၌ ပါဝင်ခဲ့ပြီး အစိုးရနှင့် သဘောထားကွဲလွဲသူများကလည်း Facebook ကို အလွန်အမင်း သုံးစွဲနေကြသည်။ ဧပြီ ၉ ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည့် ကမ္ဘာ့အကြီးဆုံးလူမှုမီဒီယာ၏ အမှုဆောင်ချုပ်ထံ ပေးပို့ခဲ့သောစာတွင် တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုံ့ဆော်သည့် အဖွဲ့များနှင့် ဘလော့ဂ်ရေးသူများက ပြီးခဲ့သော နှစ်နောက်ပိုင်း ၎င်းတို့၏ စာမျက်နှာများ ယာယီရပ်ဆိုင်းခံခဲ့ရမှုနှင့် အကြောင်းအရာများ ဖယ်ရှားခံခဲ့ရမှုသည် အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းတုများနှင့် အတုအယောင် စာမျက်နှာများအပါအဝင် ဥပဒေကို ချိုးဖောက်သည့် ဆိုးရွားပြီး ထိခိုက်နစ်နာစေသော အကြောင်းအရာများကို ဖယ်ရှားရန် Facebook က သဘောတူခဲ့သည်ဟု ဗီယက်နမ်အစိုးရက ပြီးခဲ့သောနှစ် ဧပြီတွင် ထုတ်ပြန်ခဲ့သော်လည်း အစိုးရဆန့်ကျင်သည့် အကြောင်းအရာများ နှင့်ပတ်သက်၍ အပြည့်အစုံ မဖော်ပြခဲ့ပေ။

အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းမှုစွဲချက်များဖြင့် ကြီးလေးသော ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူခြောက်ဦး၏ ရုံးတင်စစ်ဆေးမှု ကာလအတွင်း ပြီးခဲ့သော သီတင်းပတ်တွင် Facebook ၌ တင်သည့်ပို့စ်အများအပြားသည် ဆင်ဆာပြုလုပ်ခံခဲ့ရကြောင်း ထိုအိတ် ဖွင့်ပေးစာပို့ခဲ့သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်တွင် အင်တာနက်သုံးစွဲမှုသည် လွတ်လပ်မှုမရှိဟု သတ်မှတ်ကြောင်း အင်တာနက်စောင့်ကြည့်အဖွဲ့ Freedom House က ထုတ်ပြန်ခဲ့ပြီး အရှေ့တောင်အာရှတွင် အဆိုးရွားဆုံးနှင့် အာရှတွင် တရုတ်ပြီးလျှင် ဒုတိယအဆိုးရွားဆုံးဖြစ်ကြောင်း ဖော်ပြခံခဲ့ရသည်။

Ref ; AFP

Most Read

Most Recent